စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ ဩဂုတ် ၁၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗန်းမောက်မြို့အနောက်ပိုင်းရပ်ကွက် သင်းရနံ့ ကိုယ်ပိုင်စာသင်ဝိုင်းလမ်းကြား၊ မြို့အထွက် တောစပ်အနားမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျပြီး အနီးနားရှိ အမျိုးသား တယောက် နေရာမှာတင် သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလော မသိရသေးပါဘူး။
ဒေသခံတဦးက “ညနေပိုင်းမှာ စကစတပ်သားတွေက ရမ်းသန်းပြီး သေနတ်တွေ ၊ လက်နက်ကြီးတွေနှင့် ပစ်ခတ်ခဲ့တယ်။ ကျည်ဆန်တွေက မိုးသီးကျသလိုပဲ။” လို့ ပြောပါတယ်။
ဗန်းမောက်မြို့အတွင်းမှာ PDF က ဗန်းမောက်ရဲစခန်းကို သိမ်းမယ်ဆိုတဲ့ ကောလာဟာလတွေ ပြန့်နေပြီး အဲ့ဒီကောလဟာလကြောင့် စစ်ကောင်စီတပ်သားတွေက ရမ်းသန်းပစ်ခတ် တာတွေ လုပ်နေတာလို့ သိရပါတယ်။
"ကျနော်တို့က မြို့ထဲလည်းမဝင်ဘူး။ မြို့နားတောင်မကပ်ပါဘူး။ ပစ်ခတ်တာလည်း မရှိခဲ့ဘူး။” လို့ PDF အဖွဲ့ဝင်တဦး က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က PDF နဲ့ ဆက်နွှယ်သူတွေကို ဖမ်းဆီးနေပြီး တဦးဖမ်းဆီးခံခဲ့ရကာ နောက်ထပ်ဆက်စပ်သူတွေရဲ့ နေအိမ်တွေပါ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။