Home
မြန်မာသတင်း
“စမှတ်”ဇာတ်လမ်းတိုလက်မှတ် ပြန်လည်ရောင်းချ၊ ကနဦးရန်ပုံငွေသိန်း ၄၀၀၀ ကျော်ကို တော်လှန်ရေးအဖွဲ့များသို့ ထောက်ပံ့နေ
DVB
·
August 13, 2022

ပြည်သူ့အချစ်တော် သရုပ်ဆောင် ဒေါင်းနဲ့ ချစ်သုဝေတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဇာတ်လမ်းတို “စမှတ်” ရုပ်ရှင်လက်မှတ်တွေကို တကျော့ပြန်ရောင်းချနေပြီး ကနဦးရရှိထားခဲ့တဲ့ ရန်ပုံငွေတွေထဲကနေ မြေပြင်က လိုအပ်တဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေဆီ အသီးသီး ထောက်ပံ့ကူညီနေတာကို တွေ့ရပါတယ်။

ဒီဇာတ်လမ်းတိုလက်မှတ်တစောင်ကို မြန်မာငွေကျပ် ၃၀၀၀၀ နဲ့ ဩဂုတ် ၁ ရက်က စတင်ရောင်းချခဲ့ရာမှာ ၅ ရက်အတွင်း ကျပ်သိန်း ၄၀၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

“စမှတ်”လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတိုကိုတော့ ချစ်သုဝေရဲ့ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းက ပုံဖော်ရိုက်ကူးပေးထားခဲ့တာဖြစ်ပြီး အနုပညာထုတ်ကုန်တခုနဲ့ ​တော်လှန်​ရေးအတွက် ​ရန်ပုံငွေရှာဖွေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်နေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်မှာတော့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တာပါ။

လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ ထင်ရှားတဲ့ အဆိုတော် စောဖိုးခွားနဲ့ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် ပိုပိုနဲ့ အီတိုးတို့ ပါဝင်လာခြင်း မရှိခဲ့ပဲ အီတိုးကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်မှာ အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဏာရှင်ကို ဆန့်ကျင်ရင်း နွေဦးတော်လှန်ရေးမှာ ရှေ့ဆက်ပါဝင်နေတဲ့ တော်လှန်ရေးအနုပညာရှင်တွေ ပုံဖော်ဖန်တီးထားတဲ့ “စမှတ်” ဇာတ်လမ်းတို Premium Ticket တစောင်ကို မြန်မာငွေ ကျပ် ၃ သောင်းနဲ့ ဝယ်ယူအားပေးနိုင်သလို စင်ကာပူဒေါ်လာ ၃၀၊ အမေရိကန်ဒေါ်လာ ၃၀၊ သြစ​တြေးလျ ​ဒေါ်လာ ၃၀၊ ကိုရီးယားဝမ် ၂၁,၀၀၀၊ ဂျပန် ယမ်းငွေ ၃,၀၀၀၊ ထိုင်းဘတ်ငွေ ၆၀၀၊ မကာအိုပါတားကား ၂၄၀၊ ယူကေပေါင် ၃၀ စတဲ့ နိုင်ငံအသီးသီးကတဆင့်လည်း ကြိုတင် ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါတယ်။

ရန်ပုံငွေပါဝင်ကူညီကာ Premium Ticket ဝယ်ယူထားသူတွေအနေနဲ့ကတော့ စီစဉ်ထားတဲ့ အွန်လိုင်းပလက်ဖောင်းကတဆင့် လာမယ့် ဩဂုတ် ၈ ရက်၊ ၈ နာရီမှာ ကြည့်ရှုနိုင်မယ်လို့ ကြေညာထားခဲ့တာဖြစ်ပြီး အနုပညာကို မြတ်နိုးသူ၊ တော်လှန်ဝန်ထမ်းလိုသူတွေအနေနဲ့ ဝယ်ယူကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024