Home
မြန်မာသတင်း
စစ်ကောင်စီချေးယူသည့် ပြည်တွင်းပြည်ပ ချေးငွေများကို အသိအမှတ်မပြုဟု NUG ဝန်ကြီး ပြော
DVB
·
August 12, 2022

အကြမ်းဖက်စစ်ကောင်စီက ချေးယူတဲ့ ပြည်တွင်းပြည်ပ ချေးငွေတွေကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ပြည်သူ့အာဏာကို အကြမ်းဖက်စစ်တပ်က အဓမ္မ လုယူလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ အဲ့ဒီအကြမ်းဖက်စစ်တပ်နဲ့တကွ အပေါင်းပါ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အသင်းအပင်း၊ ကုမ္ပဏီတွေက ရယူတဲ့  ပြည်တွင်းပြည်ပ ချေးငွေတွေကို လုံးဝအသိအမှတ်ပြုမှာ မဟုတ်သလို ပြည်သူ့ကြွေးမြီအဖြစ်လည်း သတ်မှတ်မှာမဟုတ်ကြောင်း ပြည်သူတွေကလည်း ပြန်လည်ပေးဆပ်မှာ မဟုတ်ဘူးဆိုတာကို ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအဖြစ် တရားဝင် အတိအလင်းထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ သူကဆိုပါတယ်။

လတ်တလော နိုင်ငံခြားအရန်ငွေ ပြတ်လပ်လုနီးပါးဖြစ်နေပြီး ကြံရာမရ ဖြစ်နေတဲ့ အကြမ်းဖက်စစ်တပ်က ပြည်ပနိုင်ငံတချို့ကနေ ချေးငွေရယူဖို့ ကြိုးစားနေတာ ကြားသိမြင်တွေ့နေရတဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေထံ ထပ်မံတရားဝင် အသိပေးအကြောင်းကြားသွားမယ်လို့ NUG ဝန်ကြီးက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းပြီး သက်ဆိုင်ရာ နိုင်ငံခြားသံရုံးတွေထံ NUG က ပြဋ္ဌာန်းထုတ်ပြန်ထားတဲ့ ဥပဒေကို ထပ်လောင်းပေးပို့ရင်း အကြမ်းဖက်စစ်တပ်နဲ့  ကင်းကင်းရှင်းရှင်း နေရေး အသိပေးအကြောင်းကြားကြားဖို့လုပ်နေတယ်လို့လည်း  ဝန်ကြီးက ပြောဆိုထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၁ ခုနှစ်၊ ဇွန် ၁၄ ရက်နေ့မှာ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့်ဥပဒေအကြောင်း ထုတ်ပြန်ထားပြီး ပြည်သူလူထုကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ဖို့အတွက် လိုအပ်တဲ့ရန်ပုံငွေကိုဖြည့်ဆည်းဖို့ ပြည်တွင်းပြည်ပက ချေးငွေတွေကို ရယူတာဟာ ခွင့်လွှတ်လက်ခံနိုင်ဖွယ် လုံးဝမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီဥပဒေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစလို့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ပိုင်ဆိုင်ခွင့် ဒါမှမဟုတ် ပိုင်ဆိုင်တဲ့အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်း၊ အေဂျင်စီ၊ ဝန်ကြီးဌာန ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေရဲ့ ချေးငွေ၊ ကြွေးမြီ၊ တာဝန်ဝတ္တရားတွေ ဒါမှမဟုတ် ကြွေးမြီဝန်ဆောင်မှုနဲ့ပတ်သတ်ပြီး နိုင်ငံတော် ဒါမှမဟုတ် အစိုးရအဖွဲ့ပေါ်မှာ တောင်းဆိုပိုင်ခွင့် မရှိပါဘူး။ 

အဲ့ဒီကြွေးမြီတွေဟာလည်း အစိုးရကြွေးမြီ ဒါမှမဟုတ် ပြည်သူ့ကြွေးမြီ နိုင်ငံတော်ရဲ့အာမခံချက်ရှိတဲ့ ကြွေးမြီလို့ မမှတ်ယူရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကို ချေးငွေထုတ်ပေးရဲသူတွေဟာ ထုတ်ချေးထားသမျှ အကြွေးထဲက အရင်းရော အမြတ်ရော တကျပ်တပြားတောင် ပြန်မရနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ပြည်ထောင်စုဝန်ကြီးဌာနကလည်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024