Home
ဆောင်းပါး
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH)
DVB
·
August 12, 2022

“လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH)” သည် လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူများနှင့် အခွင့်အရေးများအနက် တခုဖြစ်လာသောကြောင့် ယခုကဲ့သို့သော ပြောင်းလဲဖြစ်စဥ်မှ မြန်မာအလုပ်သမားတို့အတွက် မည်သို့သောကောင်းကျိုးများ ရရှိနိုင်မည်နည်း။

ကမ္ဘာတဝန်းတွင် လုပ်ငန်းခွင်၌ဖြစ်သော မတော်တဆမှုများ၊ လုပ်ငန်းခွင်မှရရှိသော ရောဂါများကြောင့် အမျိုးသမီး၊ အမျိုးသား အလုပ်သမား (၃) သန်းနီးပါး နှစ်စဉ် သေဆုံးနေကြရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ ခန့်မှန်းထားပါသည်။ ဤကဲ့သို့ သေဆုံးမှုသည် နေ့စဉ် တနာရီတွင် လူပေါင်း ၃၄၂ ယောက် သေဆုံးနေရပြီး ထို ၃၄၂ ယောက်မှ အယောက် ၃၀၀ သည် လုပ်ငန်းခွင်ဆိုင်ရာ နာမကျန်းဖြစ်ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ပါသည်။ ထိုသို့သော လုပ်ငန်းခွင်မှတဆင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ နာမကျန်းဖြစ်ခြင်းတို့သည် အလုပ်သမားများနှင့် မိသားစုတို့အပေါ် ထိခိုက်ဆုံးရှုံးမှုများ ရရှိနိုင်သည့်အပြင် လုပ်ငန်းအပေါ်တွင်လည်း အခြားကြီးမားသော ကုန်ကျစရိတ်များလည်း ဖြစ်ပေါ်နိုင်ပါသည်။ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု၊ ရောဂါများနှင့် သေဆုံးမှုတို့သည် ဝင်ငွေဆုံးရှုံးမှု၊ အလုပ်အကိုင် ရပ်ဆိုင်းရခြင်းနှင့် ကုန်ထုတ်စွမ်းအား လျော့နည်းခြင်းတို့ ဖြစ်စေနိုင်ပါသည်။ ကောင်းမွန်မှုမရှိသော “လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH)” ဆိုင်ရာ အလေ့အကျင့်များကြောင့် နှစ်စဉ် ကမ္ဘာ့ GDP (၄) ရာခိုင်နှုန်းအထိ ကျနိုင်ကြောင်း ခန့်မှန်းထားသည်။ (1)

ယခုကဲ့သို့သော စာရင်းဇယားများကို ထည့်သွင်းစဉ်းစားလျက် ဇွန်လ ၁၀ ရက်နေ့ ၂၀၂၂ ခုနှစ်တွင် ကျင်းပသော ၁၁၀ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (International Labour Conference) တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာ‌ရေးနှင့် ညီညွတ်သော လုပ်ငန်းခွင်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးကို ILO ၏ ပဉ္စမမြောက်သော လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူနှင့် အခွင့်အရေး (Fundamental Principles and Right at Work) အဖြစ် ထည့်သွင်းရန် လက်ခံအတည်ပြုခဲ့ကြပါသည်။ (2) “လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH)” ကို လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူများနှင့် အခွင့်အရေးများအဖြစ် အသိအမှတ်ပြုခြင်းသည် ကမ္ဘာတဝန်းရှိ သန်းပေါင်းများစွာသော အလုပ်သမားများအပေါ် မြင်သာထင်သာရှိသော အကျိုးသက်ရောက်မှုများဖြင့် ပို၍ တိကျခိုင်လုံပြီး ချိတ်ဆက်ညှိနှိုင်းနိုင်ကာ ခြေရာခံနိုင်မည့် အရေးယူဆောင်ရွက်မှုများ  ဆောင်ရွက်နိုင်ရန် လမ်းကြောင်းဖွင့်ပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သမိုင်းမှတ်တိုင်ဖြစ်သည့် ဆုံးဖြတ်ချက်ဆိုသည်မှာ ILO အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို အတည်ပြု လက်မှတ်ရေးထိုးသည် ဖြစ်စေ၊ မရေးထိုးသည်ဖြစ်စေ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော လုပ်ငန်းခွင်ဆိုင်ရာ အခြေခံအခွင့်အရေးကို လေးစားလိုက်နာရန်နှင့် မြှင့်တင်ဆောင်ရွက်ရန် ကတိကဝတ်ပြုခြင်းပင် ဖြစ်သည်။

ထိုညီလာခံ၏ ဆုံးဖြတ်ချက်မှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH) ဆိုင်ရာ ILO ပြဋ္ဌာန်းချက်များ၊ အထူးသဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH) ဆိုင်ရာ ပြဋ္ဌာန်းချက်၊ ၁၉၈၁ ခုနှစ် (အမှတ် ၁၅၅) နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH) နှင့်စပ်လျဉ်း၍ စည်းရုံးဆောင်ရွက်ရေး မူဘောင်ဆိုင်ရာ ပြဋ္ဌာန်းချက်၊ ၂၀၀၆ ခုနှစ် (အမှတ် ၁၈၇) တို့ကို ILO ၏ အခြေခံပြဋ္ဌာန်းချက်များ အနေဖြင့် ထည့်သွင်းထားပြီး ဖြစ်ပါသည်။ ၎င်းပြဋ္ဌာန်းချက် (၂) ခု၏ ရည်ရွယ်ချက်မှာ အစိုးရအဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများနှင့် အလုပ်ရှင် အဖွဲ့အစည်းတို့ ကြားတွင် အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းမှတဆင့် “လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH)” အတွက် အမျိုးသားအဆင့် မူဝါဒများ၊ စနစ်များနှင့် အစီအစဉ်များ ချမှတ်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံသည် သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို အတည်ပြု လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း ILO အဖွဲ့ဝင်နိုင်ငံတခု အနေဖြင့် ထိုပြဋ္ဌာန်းချက်တို့အား ယခုအခါတွင်  လေးစားလိုက်နာလျက် မြှင့်တင်ဆောင်ရွက်ရန် တာဝန်ရှိသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြင်ခဲ့ရသည့် မြန်မာနိုင်ငံ၏ “လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH)” ဆိုင်ရာ တိုးတက်ပြောင်းလဲမှုတို့သည် ယခုအချိန်တွင် နိုင်ငံ၏ စီးပွားရေးအခြေအနေကြောင့် လျော့နည်းလာခဲ့ပါသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ (၂၀၁၉) သည် အာဏာသက်ဝင်ခြင်း မရှိသေးဘဲ နိုင်ငံရှိ စီးပွားရေးလုပ်ငန်းတို့သည် ရှည်ကြာသည့် အကျပ်အတည်းများအား ကိုင်တွယ်ဖြေရှင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေရခြင်းကြောင့် လုပ်ငန်းခွင်နှင့် မူဝါဒအဆင့်များတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရာတွင်လည်း ရပ်တန့်မှု (သို့မဟုတ်) ဆုတ်ယုတ်မှုများ ဖြစ်လာနေပါသည်။

“လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH)” အား လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူများနှင့် အခွင့်အရေးများ (Fundamental Principles and Right at Work, FPRW) အဖြစ် သတ်မှတ်ခြင်း

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူများနှင့် အခွင့်အရေးများအဖြစ် သတ်မှတ်ခြင်းသည် အလုပ်သမားတို့၏ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအပေါ် အခြေတည် ဆောင်ရွက်ပေးသည့် စီးပွားရေးလုပ်ငန်းတို့သည် ကြံ့ကြံ့ခံနိုင်ခြင်း၊ ကောင်းမွန်ခြင်းတို့ကို ဦးတည်နေသည့်အချက်ကို ထင်ရှားစေပါသည်။ ဤအချက်သည် “လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH)” ၏ အရေးပါခြင်းကို ပြသခြင်းဖြစ်သည်။ ပြဋ္ဌာန်းချက် (Conventions) အမှတ် ၁၅၅ နှင့် အမှတ် ၁၈၇ တို့သည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်း ၄၀ ကျော်နှင့် ကျင့်ဝတ်စည်းကမ်း (၄၀) ကျော်တို့၏ အဓိက အချက် (၂) ချက်ဖြစ်သည်။ ထို့အပြင် ILO ၏ စံချိန်စံညွှန်း ပြဋ္ဌာန်းချက်များ တဝက်နီးပါးသည်  “လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH)” ကိစ္စရပ်တို့နှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သက်ဆိုင်ပါသည်။ ILO ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း OSH ပြဋ္ဌာန်းချက်များကို အတည်ပြု လက်မှတ်ရေးထိုးပြီးခြင်း မရှိသေးသော်လည်း ယင်းတို့ကို အကောင်အထည်ဖော်သည့် အစီရင်ခံစာကို ၃ နှစ်တကြိမ် ပေးပို့ရန် လိုအပ်ပါသည်။

OSH အား FPRW အဖြစ် သတ်မှတ်ပြီးသည့်အခါတွင် မြန်မာနိုင်ငံအတွက် နောက်တဆင့်သို့ အခြေပြုစတင်ခြင်း

ILO ၏ ညွှန်ကြားရေးမှူးချုပ် Guy Ryder က ကမ္ဘာ့စီးပွားရေးထိပ်သီး ၇ နိုင်ငံမှ အလုပ်သမားနှင့် အလုပ်အကိုင်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးတွင် “ဘုတ်အဖွဲ့က သဘောတူညီတဲ့ ကိစ္စရပ်တခု ရှိတယ်ဆိုရင် အဲ့ဒါကတော့ လုပ်ငန်းခွင်အားလုံးမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် ဘေးကင်းလုံခြုံပြီး ထိခိုက်မှုမရှိဖို့ လိုတယ်ဆိုတဲ့ အရာပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရတွေ၊ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ အားလုံးကလည်း သဘောတူကြပါတယ်။ ဒါဟာ ရာစုနှစ်တစု ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ILO ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းရဲ့ မျှော်မှန်းချက်တခု ဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့လည်း မိမိတို့ရဲ့ အမျိုးသားအဆင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ စနစ်တွေကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ဖို့ လိုအပ်ပြီး အလုပ်သမားရေးရာ စစ်ဆေးခြင်းတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လျော့ကျစေတဲ့ ဖိအားတွေကို ကြံ့ကြံ့ခံ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်။” ဟူ၍ ပြောကြားခဲ့ပါသည်။(3)

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း‌ရေးနှင့် ကျန်းမာရေးနှင့် ပတ်သက်၍ အမျိုးသားအဆင့် မူဝါဒနှင့် တိကျသေချာသော စာရင်းအင်းများ၊ တရားဝင် အကြောင်းကြားခြင်းနှင့် မှတ်တမ်းထားရှိခြင်းစနစ် (Recording and Notification) တို့  မရှိသေးပါ။ သို့သော် အချို့သော သတင်းအချက်အလက်များကို အလုပ်သမားအဖွဲ့အစည်းများ၊  အလုပ်ရှင်အဖွဲ့အစည်းများနှင့်အတူ စာတမ်းများမှတဆင့် ကောက်ယူခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတိုင်ခင်တွင်မူ လူမှုဖူလုံံရေးအဖွဲ့မှတဆင့်လည်း ကောက်ယူထားရှိခဲ့ပါသည်။ ၎င်းအချက်အလက်များအရ လုပ်ငန်းခွင်ဆိုင်ရာ မတော်တဆမှုများ၊ နာမကျန်းမှုများနှင့် ရောဂါဖြစ်ပွားမှုတို့သည် အရေးတကြီး ဂရုစိုက်ရမည့် ကိစ္စရပ်များပင်ဖြစ်ပြီး အထူးသဖြင့် သတ္တုတွင်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းခွင်များတွင် ထင်ထင်ရှားရှား ဖြစ်ပွားနေပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အချို့သော လုပ်ငန်းခွင်များနှင့် သမားရိုးကျမဟုတ်သည့် လုပ်ငန်းခွင်များရှိ အလုပ်သမားများတို့အတွက်  အလားတူ သတင်းအချက်အလက်များ ကောက်ယူထားရှိမှု ပို၍ပင် နည်းပါးသည်။ ထို့ကြောင့် ILO အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန်အတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည့် အခြေအနေကို ကျရောက်စေပါသည်။

COVID-19 ရောဂါသည် ကမ္ဘာတဝန်းလုံးရှိ အမျိုးသားအဆင့်နှင့် လုပ်ငန်းခွင်အဆင့်တို့တွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု၏ အားနည်းချက်ကို ထောက်ပြခဲ့ရုံသာမက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၏ အရေးပါပုံကိုလည်း ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြသပေးခဲ့ပြီး မြန်မာနိုင်ငံသည်လည်း ထိုနည်းတူပင်ဖြစ်သည်။

ယခု နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကာလတွင် စီးပွားရေးလုပ်ငန်းတို့ ဆက်လက်လည်ပတ်နိုင်ရန်နှင့် အကျိုးအမြတ်ရရန် ကြိုးပမ်းကျော်လွှားနေရခြင်းကြောင့် COVID-19 ရောဂါသည် မြန်မာနိုင်ငံရှိ အလုပ်သမားများနှင့် အလုပ်ရှင်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ကိစ္စရပ်များထဲမှ တခုဖြစ်ပါသည်။ ဥပမာ၊ ကူးစက်ရောဂါများကဲ့သို့သော ဇီဝဘေးအန္တရာယ်များ တိုက်ဖျက်ရန်အတွက် ကောင်းမွန်သည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များနှင့် လေဝင်လေထွက် ကောင်းမွန်ခြင်းတို့ကဲ့သို့သော ကြိုတင်ကာကွယ်ခြင်းနှင့် ဘေးအန္တရာယ် လျော့ပါးစေခြင်း အစီအမံများကို လုပ်ငန်းအုပ်ချုပ်စီမံရေးဆိုင်ရာ ဦးဆောင်မှုဖြင့် သော်လည်းကောင်း၊ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် သော်လည်းကောင်း ရေရှည်တည်တံ့ ခိုင်မြဲအောင် လုပ်ဆောင်ရမည်ဖြစ်သည်။ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရှုထောင့်မှ ကြည့်လျှင် ထိုကဲ့သို့ အကျိုးရလဒ်များကို လက်လွတ်သွားနိုင်စေခြင်းသည် ပြင်းထန်သော အကျပ်အတည်းတရပ်ကို ဖြစ်စေပါသည်။

ယခုအခြေအနေများအတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အထည်ချုပ်လုပ်ငန်းခွင်များ၌ ဖော်ဆောင်နိုင်ရန် လတ်တလော ပို၍လိုအပ်နေပါသည်။ အထည်ချုပ်စက်ရုံများအတွင်း အလုပ်သမားဥပဒေဆိုင်ရာ ချိုးဖောက်မှုများကို လူမှုကွန်ရက်သတင်းများတွင် အလုပ်သမားသမဂ္ဂများမှ အလေးပေး ဖော်ပြလျက်ရှိပါသည်။ အထည်ချုပ်စက်ရုံတို့၌ အချိန်ပိုလုပ်ဆောင်ရပြီး အချိန်ပိုကြေး မရရှိမှုများ ပိုမိုများပြားလာလျှင် ပင်ပန်းနေသော ဝန်ထမ်းများအတွက် မတော်တဆမှုများ ပိုမိုဖြစ်ပွားစေသည့်အပြင် လူမှုဖူလုံရေးထောက်ပံ့မှုများ ရရှိရန်အတွက် သတင်းပေးပို့မှု (ငွေကြေးထောက်ပံ့မှု) အားနည်းခြင်း အခြေအနေများ ပိုမိုများပြားလာပါက အဆိုပါအလုပ်သမားတို့အား အကာအကွယ်မဲ့သော အခြေအနေသို့ ရောက်ရှိစေပါသည်။(4)

ILO အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်များသည် အလုပ်သမားသမဂ္ဂ အခွင့်အရေးများ ချိုးဖောက်ခံရခြင်းနှင့် ပတ်သက်ဆက်စပ်နေပါသည်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်တို့ တစတစ လျော့ပါးလာနေခြင်းတို့ကြောင့် အလုပ်သမားတို့အတွက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာသော လုပ်ငန်းခွင် ပတ်ဝန်းကျင် ရရှိစေရန် စည်းရုံးလှုံ့ဆော်ပေးနိုင်မှုမှာ ပိုမိုခက်ခဲလာနေပါသည်။ ထို့အပြင် ကမ္ဘာတဝန်းတွင် COVID-19 ရောဂါနှင့် ဆက်လက်လုံးပန်းနေရပြီး နေထိုင်မှုပုံစံအသစ် (New normal) အား စတင်တည်ဆောက်နေရပါသည်။ များစွာသော စီးပွားရေးလုပ်ငန်းတို့သည်လည်း ၎င်းတို့၏ ရှင်သန်မှုနှင့် ဆုံးရှုံးနိုင်ခြေများ လျှော့ချနိုင်ရန်အတွက် ရုန်းကန်နေရသောကြောင့် အလုပ်သမားတို့၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာမှုတို့အတွက် အသုံးပြုနေရသော ကုန်ကျစရိတ်တို့ကို စတေးလိုက်ကြရသည်။ ယခုကဲ့သို့ အလုပ်သမားတို့၏ အခြေခံ ရပိုင်ခွင့်များကို ချိုးဖောက်ခြင်းအပြင် ရေရှည်တွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အတွက် ဆိုးရွားလာစေနိုင်သည်။ အထက်ပါ အကြောင်းအရာများကြောင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအား လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူများနှင့် အခွင့်အရေးများအဖြစ်သို့ ပြောင်းလဲသတ်မှတ်ရာမှ ရလာမည့် အသီးအပွင့်တို့ကို မြန်မာနိုင်ငံမှ အလုပ်ရှင်နှင့် အလုပ်သမားတို့ ခံစားရမည့် အခြေအနေသို့ ပို့ဆောင်ပေးနိုင်မည် မဟုတ်ပါ။

အထက်ဖော်ပြပါ အခြေအနေများသည် နိုင်ငံအတွင်း အမြဲတမ်း ဖြစ်ပွားခဲ့သော အခြေအနေမျိုး မဟုတ်ခဲ့ပါ။ ၂၀၂၀ ပြည့်နှစ် (5) တွင် “အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့” အတွက် ILO က မိတ်ဆက်ပေးခဲ့သော အကြံပြုစာတမ်းတွင် ထိုအချိန်တွင် ပြဋ္ဌာန်းလုနီးဖြစ်ခဲ့သော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ (၂၀၁၉) မှ ရရှိစေနိုင်သော အကျိုးအမြတ်များနှင့် COVID-19 ရောဂါမှ ရရှိစေခဲ့သော သင်ခန်းစာတို့သည် အလုပ်သမားများနှင့် အလုပ်ရှင်တို့ကို လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအပေါ်တွင် ပို၍ အလေးထားလာစေခဲ့ကြောင်း ဖော်ပြထားပါသည်။ ထိုအချိန်တွင် နေရာတော်တော်များများ၌ COVID-19 ရောဂါပြန့်ပွားမှု လျှော့ချခြင်းမှတဆင့် အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းတို့အား ကာကွယ်စောင့်ရှောက်ခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။ ထိုအခြေအနေတို့မှတဆင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများအပေါ်  ပို၍ စိတ်ဝင်စားလာစေခဲ့ပြီး ယင်းဝန်ဆောင်မှုများ ပိုမိုလိုအပ်လာခဲ့ပါသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူများနှင့် အခွင့်အရေးများအဖြစ် သတ်မှတ်ရန်အတွက် နိုင်ငံ၏ လုပ်ငန်းဆောင်တာတို့ ရှေ့ဆက်နိုင်ရန် ဥပဒေမူဘောင်အရ ထောက်ပံ့မှု မရှိနိုင်သေးသော်လည်း လုပ်ငန်းခွင်တို့သည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စံနှုန်းများကို အကောင်အထည်ဖော်ရန်အတွက် ဦးဆောင်ကာ အဓိကနေရာတွင် ပါဝင်လုပ်ဆောင်နိုင်ပါသည်။ ဥပမာ- ဘေးအန္တရာယ်ကင်းရှင်းကာ ကျန်းမာသော လုပ်ငန်းခွင်တရပ် ဆောင်ရွက်ဖော်ဆောင်ရာတွင် အလုပ်ရှင်တို့၏ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများနှင့် အလုပ်သမားတို့ လိုက်နာသင့်သော တာဝန်များသည် “ပြဋ္ဌာန်းချက် အမှတ် ၁၅၅” တွင် တိကျသေချာစွာ ပါဝင်ပါသည်။

ယခုကြုံတွေ့နေရသည့် အကျပ်အတည်းကာလတွင်ပင် အလုပ်ရှင်နှင့် အလုပ်သမားတို့ဘက်မှ လုပ်ငန်းခွင် ဘေးအနွရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် စတင်ရမည့် ခြေလှမ်းတို့ကို လျှောက်လှမ်းနိုင်ရန် ဖြစ်နိုင်ချေရှိရုံသာမက အောင်မြင်စွာ ဆောင်ရွက်နိုင်ပါသည်။ အချို့သော စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းတို့သည် လုပ်ငန်းခွင်၌ ပို၍လိုအပ်လာသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထောက်ပံ့ပေးခြင်းတို့နှင့်အတူ ၎င်းတို့၏ အလုပ်သမားတို့အား ယခုကဲ့သို့ အကျပ်အတည်း အချိန်မှာပင် နက်နက်နဲနဲ ဂရုစိုက်ပေးမှုများရှိသည်။ သို့သော်လည်း လုပ်ငန်း၊ အဖွဲ့အစည်းတို့သည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့် စပ်လျဉ်း၍ ခိုင်မာပြီး ခြေရာခံမှတ်တမ်းများ ပြန်လိုက်နိုင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်နိုင်ရန် နည်းပညာနှင့် တချို့သောအခြေအနေများတွင် ငွေကြေးအထောက်အပံ့တို့ပါ လိုအပ်ကြပါသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရန် နှစ်ထပ်ကွမ်း အကျပ်အတည်းတို့ မဖြစ်ပေါ်ခင်ကပင် ၎င်းအထောက်အပံ့တို့ လိုအပ်ခဲ့ပါသည်။ ယခုကဲ့သို့သော အကျပ်အတည်းကာလတွင် ထိုသို့သော ကူညီထောက်ပံ့ပေးမှုတို့သည် မြန်မာနိုင်ငံအတွက် ယခင်ကထက်ပင် ပို၍ လိုအပ်နေပါတော့သည်။

Donglin Li
ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ ဌာနေ ကိုယ်စားလှယ်
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့
ဆက်သွယ်ညှိနှိုင်းရေးအရာရှိရုံး၊ မြန်မာ

ရှင်းလင်းတင်ပြချက်
1.လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသည် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေသောအခါ (ilo.org)
2.အခြားသော လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူနှင့် အခွင့်အရေး ၄ ရပ်မှာ၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့်ကို အကာအကွယ်ပေးခြင်း၊ အဓမ္မ သို့မဟုတ် မလုပ်မနေရ အလုပ်ခိုင်းစေမှုပုံစံအားလုံး ပပျောက်ခြင်း၊ ကလေးအလုပ်သမားခိုင်းစေမှုထိရောက်စွာဖျက်သိမ်းခြင်းနှင့် အလုပ်အကိုင်နှင့် အတတ်ပညာဆိုင်ရာ အသက်မွေးဝမ်း‌ကျောင်း အလုပ်များတွင် ခွဲခြားဆက်ဆံမှု ပပျောက်ခြင်းတို့ ဖြစ်သည်။

  1. “လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး တိုးတက်ကောင်းမွန်ခြင်း” နှင့်စပ်လျဉ်း၍၊ ILO ညွှန်ကြားရေးမှူးချုပ် Guy Ryder က စီစဉ်ဆောင်ရွက်သည့် ကမ္ဘာ့စီးပွားရေးထိပ်သီး ၇ နိုင်ငံမှ အလုပ်သမားနှင့် အလုပ်အကိုင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး
  2. ယူရိုချမ်းမြန်မာ၊ မြန်မာအထည့်ချုပ်လုပ်ငန်းကဏ္ဍဆိုင်ရာ အချက်အလက်စာရွက်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ILO နှင့် ဆွေးနွေးပြောဆိုခဲ့သည့် အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်သမားသမဂ္ဂများသည်လည်း ဤဖြစ်ရပ်ကို အစီရင်ခံ တင်ပြကြပါသည်။
  3. “COVID – 19 အကျပ်အတည်းသည် မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများကို လမ်းဖွင့်ပေးခြင်း”၊ မြန်မာတိုင်း(မ်)၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၂ ရက်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024