Home
မြန်မာသတင်း
တန့်ဆည်နှင့် ရေဦးတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးသူ များပြား
DVB
·
August 12, 2022

စစ်ကိုင်းတိုင်း တန့်ဆည်မြို့၊ လမ်းဆုံအဝိုင်းပတ်အနောက်ဘက်ရှိ ရွှေဒေါင်းမင်းဆီဆိုင်မှာ တပ်စွဲကာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဂိတ်ကို Taze People Comrades - TPC အထူးကွန်မန်ဒိုအဖွဲ့က ဒီနေ့ညနေ ၃ နာရီကျော်လောက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TPC အဖွဲ့က ပြောပါတယ်။

“ပစ်ခတ်ခဲ့တာကတော့ ဟုတ်တယ်ဗျ။ ဟိုတလောက ရဲကားပစ်တဲ့ အထူးကွန်မန်ဒိုအဖွဲ့ပဲဗျ။ အခု ပစ်ရတာလည်း စီစဉ်ချတဲ့အတိုင်းမဖြစ်ဘဲ ပစ်လိုက်ရတော့ နေရာတင် စစ်သား ၃ ဦး သေတယ်။ နောက်ပြီး ၂ ယောက် ဒဏ်ရာရသွားတယ်။ ကျနော်တို့ဘက်ကတော့ လက်ဦးမှု အရင်ရတာကြောင့် အကျအဆုံး၊ အထိအခိုက်မရှိဘူး” လို့ TPC ပြန်ကြားရေးတာဝန်ရှိသူ မောင်နိုးစက်က ပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၇ ရက်နေ့မှာလည်း တန့်ဆည်မြို့ပေါ် ကင်းလှည့်နေတဲ့ ရဲကားကို TPC အဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၇ ဦး ကျဆုံးခဲ့ပြီး လက်နက် ၇ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်၊ ချမ်းသာရွာမှာ ညအိပ်စခန်းချခဲ့တဲ့ အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ကွမ်းအုံရွာအနီးမှာ ဩဂုတ် ၁၂ ရက် မနက် ၈ နာရီလောက် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ Freedom Revolution Force (FRF) ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းကွင်းနဲ့ အသင့်ကြိုစောင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းကွင်းအတွင်း ဝင်လာတဲ့ စစ်‌ကောင်စီတပ်သား ၇ ဦးလောက် လွင့်စဉ်သွားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု‌ကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း-၂၄ FRF တပ်ဖွဲ့၊ ဗိုလ်မုတ်ဆိတ်အဖွဲ့၊ DRPA၊ ရွှေဘိုခရိုင်တပ်ရင်း-၉၊ ရွှေဘိုခရိုင် တပ်ရင်း-၁၁ နဲ့ တခြား မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

အဆိုပါ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၀ ရက်က ထောက်ပို့ရဟတ်ယာဉ်နဲ့ ရေဦးမြို့နယ် အနောက်ဘက်မှာရှိတဲ့ ကုန်းသာရွာကို မီးတင်ရှို့ကာ ချမ်းသာ၊ တောင်ခွင်၊ ငှက်ပျောတောရွာတွေကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး ဒီနေ့မှာလည်း ကွမ်းအုံရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024