ရွေးကာက်ပွဲနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့အမှုအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို နေပြည်တော် အချုပ်ထောင်ရှိ အထူးတရားရုံးမှာ သြဂုတ် ၁၂ ရက်က ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဦးမင်းသူရဲ့ တရားခံပြသက်သေအဖြစ် ဆင့်ခေါ်ထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးရုံးက သုံးဦး အလုပ်မအားတဲ့အတွက် မလာနိုင်ကြောင်း၊ လာဖို့ဆန္ဒမရှိကြောင်း အကြောင်းပြန်တာကို တရားရုံးက လက်ခံလိုက်ပြီး နောက်ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုထားတာပါ။
ရှေ့လာမယ့် သြဂုတ် ၂၆ ရက်မှာ အမှုတခုလုံးအတွက် အပြီးသတ် လျှောက်လဲချက်ပေးရမယ်၊ နောက်အချိန်းမှာ အမိန့်ချမယ်လို့ အဆိုပါနီးစပ်သူက ဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း သူတို့မှာ မပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။