Home
ဆောင်းပါး
စစ်အုပ်စု သက်ဆိုးရှည်ရေး ကမ္ဘောဒီးယား ဘယ်လိုဖေးမနေသလဲ
DVB
·
August 12, 2022

မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို ထပ်မံသတ် ဖြတ်နေဦး မယ်ဆိုရင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်စဉ်းစားဖို့ ရှိလာပါလိမ့်မယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးဟွန်ဆန်က  ပြောလိုက်တယ်။

ဩဂုတ်လ ၃ ရက်နေ့၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ သူကအဲဒီလိုထည့်သွင်း ပြောကြားလိုက် တာပဲဖြစ်တယ်။

မသတ်ပါနဲ့လို့ အာဆီယံကရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ သတိပေးနေတဲ့ကြားထဲက အာဆီယံကိုလည်းလူမထင်၊ဘယ်နိုင်ငံတကာကိုမှလည်း အဖက်လုပ်ခြင်းမရှိဘဲ မင်းအောင်လှိုင်ရဲ့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ သက်သေပြချက်။

အားလုံးမှတ်မိကြဦးမယ်လို့ထင်တယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီး ယား ဝန်ကြီးချုပ်ဟွန်ဆန် အာဆီယံနဲ့နှီးနှောတိုင်ပင်ခြင်းမရှိဘဲ   ၂၀၂၂ ဇန်နဝါရီ ၇ ရက် မှာ နေပြည် တော်ခရီးစဉ်ကို စတင်မယ်ဆိုတော့ သူ့ခရီးစဉ်အပေါ် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုတွေကို ‘ ငါ့ကိုဆရာလာမလုပ်နဲ့’ လို့  ပြန် ငေါက် ငမ်းခဲ့တဲ့စကား။ အခုမင်းအောင်လှိုင်က တစ်ကမ္ဘာလုံးက ကန့်ကွက်နေတာတောင် အလေးမထားဘဲ အင်းစိန်ထောင်ထဲ နိုင်ငံရေးအကျဉ်းသား ၄ ဦးကို လူသတ် အလောင်းဖျောက်လုပ်ခဲ့တာက ‘ငါ့ကိုဆရာလာမလုပ် နဲ့’လို့ မျက်နှာကိုခပ်ပြင်းပြင်းဖြတ်ရိုက်ပြီး ပြောလိုက်တဲ့ပုံမျိုး။

ဟွန်ဆန်အတွက်က ပိုရင်နာပြရတယ်။ဘာလို့လဲဆိုတော့ ဟွန်ဆန်အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်ပြီ ဆိုကတည်းက အာဆီယံဥက္ကဋ္ဌ လုပ်ပိုင်ခွင့်ကိုအသုံးချကာ မင်းအောင်လှိုင် အာဆီယံအသိုင်းအဝိုင်းထဲပြန်ဝင်ဆံ့ နိုင်အောင် မျက်နှာပေးအမျိုးမျိုးနဲ့ ဖေးမပေးခဲ့တာကအမောမဟုတ်လား။

ဟွန်ဆန် နေပြည်တော်ကနေ ပြန်လာတော့ မင်းအောင်လှိုင်နဲ့ အင်မတန်ရေရာတဲ့ သဘောတူညီချက် အကြီးကြီးတွေ ရခဲ့သလိုလို။ ပြီးတော့ နေပြည်တော်မှာ သူတို့နှစ်ဦး လက်ဝါးချင်းရိုက်ခဲ့တဲ့ အာဆီယံမူ ၅ ရပ်နဲ့ စစ်အုပ်စုရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးလိုင်းကို အာဆီယံစားပွဲဝိုင်းပေါ်တင်ဖို့ လေသံခပ်တိုးတိုးနဲ့ အစပျိုးခဲ့သေးတယ်။ အဆိုးရွားဆုံး တင်သွင်းမှုက ၂၀၂၂ခုနှစ်အတွက် ပထမဆုံးအကြိမ် ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို ဝဏ္ဏမောင်လွင်ကိုပါ ဖိတ်ကြားဖို့ ဟွန်ဆန်က ကြိုးစားခဲ့တာပါပဲ။ အစည်းအဝေးပျက်သွားတဲ့အထိ အာဆီယံနိုင်ငံတချို့က ပြတ်သားခဲ့တဲ့အချိန်ကျမှ ဟွန်ဆန် လက်လျှော့ခဲ့တာ ငြင်းလို့မရတဲ့ အထောက်အထားတွေပါ။

ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့နှစ်ရဲ့ ပထမဆုံးကျင်းပတဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးဟာ ဟွန်ဆန်ရဲ့ မရိုးသားမှုတွေကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာကြောင့် ဟွန်ဆန်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို မျက်နှာပြန်လုပ်ပြန်တယ်။

၂၀၂၂ရဲ့ ပထမဆုံးအကြိမ်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖနွမ်းပင်မှာ မစတင်မီ တစ်ရက်အလို ဖေဖေါ်ဝါရီ ၁၆ ရက်နေ့မှာ ဟွန်ဆန်က သူ့ရဲ့မြန်မာခရီးစဉ်ဟာ ဘာတိုးတက်ဖြစ်ထွန်းမှုမှမရှိဘူး လို့ဝန်ခံ လိုက်သလို  မြန်မာစစ်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး နွားကမဆွဲဘဲ ထွန်က မရွေ့နိုင်ဘူးလို့ဆိုလိုက်ပါတယ်။

အဲဒီလို မြန်မာ့အရေး ဗလောင်းဗလဲ ပြောတတ်တဲ့ ဟွန်ဆန်ဟာ မေ ၁၂ ရက်နေ့၊ ဝါရှင်တန်မှာ  အမေရိကန်ရောက် ကမ္ဘောဒီးယားလူမျိုးတွေနဲ့ တွေ့ဆုံစဉ်မှာ မဆီမဆိုင် မြန်မာ့အရေးကို ထည့်ပြောကာ မြန်မာပြည်သူတွေကို စော်ကားလိုက်ပြန်တယ်။

မင်းအောင်လှိုင်က သူ့ကို အပစ်ရပ် လက်မှတ်မထိုးထားတဲ့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စကားပြောဖို့ မေတ္တာရပ်ခံတဲ့အကြောင်း အဲဒီလိုတွေ့ဆုံမယ့်အပေါ် ရပ်တန့်သွားဖို့ ဆန့်ကျင် ဆန္ဒပြမယ်ဆိုရင် အဲဒါဟာ  ကိုယ့်တိုင်းပြည်ကို ကိုယ် ဖျက်ဆီးနေတာ၊ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာပဲ ဖြစ်တဲ့အကြောင်း။ ဟွန်ဆန်က အဲဒီလို မင်းအောင်လှိုင် အထိုင်ကနေသာ မင်းအောင်လှိုင်အကြိုက် မြန်မာ့အရေးကို ချဉ်းကပ်ပြခဲ့သေးတယ်။

ဟွန်ဆန် ခန့်ထားတဲ့ မြန်မာ့အရေးအာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်းဆိုတာကလည်း အထူးသံလုပ်ပိုင်ခွင့်ကို အသုံးချကာ နေပြည်တော်ခရီးစဉ် ပျော်ပျော်ရွှင်ရွှင်ချီလို့၊ မင်းအောင်လှိုင်ကို အစိုးရတစ်ရပ်အဖြစ် အရေးတယူ သွားဆက်ဆံပြခဲ့တယ်။

ပရက်ဆော့ခွန်းရဲ့ ပထမအကြိမ်နေပြည်တော်ခရီးစဉ် မတ်လ၂၁ရက်နေ့ကနေ ၂၃ရက်နေ့ အထိ။ဆင် ကြီးပဲ ဖမ်းပြတော့မှာလိုလိုနဲ့ နေပြည်တော်ရောက်တော့ မင်းအောင်လှိုင် တွေ့ခိုင်းတဲ့ လူနဲ့တွေ့၊ မင်းအောင်လှိုင် ရဲ့ကျောသပ်ရင်သပ်နဲ့ လိမ္မာရေးခြားရှိဖို့ ဖျောင်းဖျမှုကို ခံယူပြီးပြန်လာ လက်ချည်းဗလာကျင်း ပြန်လာခဲ့တာ ဆိုတော့ ဟွန်ဆန်တို့ ပရက်ဆော့ခွန်းတို့ ထုံးစံအတိုင်း  မြန်မာ့အရေးက အင်မတန်မှ ရှုပ်ထွေးပွေလီသလိုလို ညည်းချင်းချပြခဲ့တယ်။

ပြီးတော့ မြန်မာ့အရေးအပေါ် စေတနာကြီးစွာ၊ ဇွဲလုံ့လ မလျှော့ဘူးဆိုတဲ့အချိုးမျိုးနဲ့ ဇွန် ၃၀ ကနေ ဇူလိုင် ၂ ရက်နေ့အထိ ဒုတိယ အကြိမ်မြောက် နေပြည်တော်ခရီးစဉ်ထပ်ချီ။ မင်းအောင်လှိုင် တွေ့ခိုင်းတဲ့လူနဲ့ထပ်တွေ့ ကာခေါင်းငိုက်စိုက်ချပြန်လာ။

ပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ ၊စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါ သြဇာကိုအသုံး ပြုချင်တယ်လို့ ဆိုကာ မြန်မာ့နွေဦးတော်လှန်ရေးကို စော်ကားလိုက်ပြန်တယ်။

ဟွန်ဆန်ရောပရက်ဆော့ခွန်းပါ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေထဲနေ့စဉ်ဝင်ကာ  လူသတ်၊မီးရှို့၊ ဓား ပြတိုက်မှုကျူးလွန်နေတာကို တစ်ကြိမ်မျှပင် ထုတ်မပြောခဲ့ပေမဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ ခုခံတော် လှန်စစ်ကိုကျ အကြမ်းဖက်မှုလို့ ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ဩဇာနဲ့ အဆုံးသတ်စေချင်သတဲ့ ။အဲဒီပါးစပ် ပေါက်က အာဆီယံအထူးသံတမန်ရဲ့ ဂုဏ်ဒြပ်နဲ့မညီစွာ အောက်တန်းကျလိုက်တာမှ လွန်ရော။

အဲဒီလိုဟွန်ဆန်ရောပရက်ဆော့ခွန်းပါ ဗလောင်းဗလဲမျိုးစုံနဲ့ သီလလုံခြုံသောမင်းအောင်လှိုင်ပမာ ဖေးမခဲ့သလောက် မင်းအောင်လှိုင်က တက်ကြွလှုပ်ရှားသူ ၄ ဦးကို ထောင်ထဲ သတ်ဖြတ်အလောင်းဖျောက်ပြ လိုက်လေတော့ လုပ်ရက်လေခြင်း မင်းအောင်လှိုင်ရယ်လို့ အသည်းနာပြရတယ်။

ဒါတောင် ဩဂုတ်၃ရက်နေ့၊ဟွန်ဆန်ပြောတဲ့စကားထဲမှာ အကျဉ်းသားတွေကို ထပ်သတ်နေဦးမယ်ဆို ရင် အာဆီယံမူ၅ရပ်ကို ပြန်စဉ်းစားဖို့ရှိလာလိမ့်မယ်လို့ပဲဆိုပါတယ်။လက်ရှိ နိုင်ငံရေးအကျဉ်းသား၄ဦး သတ် ဖြတ်မှုအပေါ် စိတ်ပျက်စရာအလွန်ကောင်းတယ်လို့ ဟွန်ဆန်က ဆိုပေမဲ့ ဒီလိုသတ်ဖြတ်တဲ့အတွက် ဘယ်လိုထိရောက်စွာကိုင်တွယ်သွားမယ်ဆိုတာမျိုးမပါ။ပြီးတော့ ဟွန်ဆန်က လုပ်လိုက်သေး တယ်။ မူ ၅ ရပ်ဟာ အားလုံးဆန္ဒရှိသလောက် တိုးတက်မှုမရှိပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေး ရေးကိစ္စတွေကတော့ အရွေ့ရှိနေသေးတယ်တဲ့။

‘အားလုံးဆန္ဒရှိသလောက်တိုးတက်မှုမရှိ’ဆိုတဲ့စကားက အတန်အသင့်တော့ တိုးတက်မှု ရှိ တယ်ဆိုတဲ့သဘောမို့ မူ၅ရပ်ဟာ ဘယ်နေရာတွေမှာ တိုးတက်မှုရှိပါသလဲလို့ မေးခွန်းထုတ်ရပါမယ်။ ပြီးတော့ ဟွန်ဆန်ပြောတဲ့ လူသားချင်းစာနာမှုအရွေ့ရှိတယ်ဆိုတာက ဘယ်ကိုရွေ့နေတာပါလဲ။ အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့  စစ်ရှောင်ပြည်သူ ၉သိန်းနီးပါးရှိတဲ့အထဲ က စစ်ရှောင်ဘယ်နှဦးထံ နိုင်ငံတကာကပေးတဲ့ စာနာမှုအကူအညီရောက်ရှိခဲ့ပါသလဲ။ဒီနေ့အချိန်ထိ လွတ်လပ်တဲ့မီဒီယာပလက်ဖောင်းပေါ် ထင်သာမြင်သာစာနာမှုအကူအညီမျိုး မတွေ့ရသေးလေတော့ ဟွန်ဆန်ပြောတဲ့ စာနာမှုအရွေ့က ဘယ်လိုအရွေ့မျိုးလေလဲ။

အာဆီယံအထူးသံပရက်ဆော့ခွန်းကလည်း နိုင်ငံရေးအကျဉ်းသား ၄ ဦး သတ်ဖြတ် အလောင်း ဖျောက်ခံရတာ ဒီမှာတင်ရပ်ပြီး နောက်ထပ် ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မသတ်ခဲ့ရင် တတိယအကြိမ်မြောက်နေပြည်တော်ခရီးစဉ်အဖြစ် စက်တင်ဘာမှာသွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုတယ်။ပြီးတော့ မြန်မာ့အကျပ်အတည်းကို ဆူပါမင်းတောင် မဖြေရှင်းနိုင်ဘူးလို့လည်းပြောကာ  ကြိုကာထားပြန်တယ်။

ပရက်ဆော့ခွန်းက  နေပြည်တော်သွားတော့သွားမယ်၊အရင်နှစ်ခေါက်တုန်းက လို လက်ချည်း ဗလာနဲ့ပြန်လာခဲ့ရင် သူ့အပြစ်မဟုတ်၊သူသည်ဆူပါမင်းမဟုတ်ဘူးလို့ ဆိုလိုလိုက်တာပါ။ ပရက် ဆော့ခွန်း နေပြည်တော် ကိုဘာသွားထပ်လုပ်ဦးမှာလဲဆိုတော့ နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီ ယံ ထိပ်သီးညီလာခံမှာ စစ် အုပ်စုအပေါ် အခုထက်ပိုပြင်းတဲ့ဖိအားတွေ သက်ရောက်နိုင်ခြေရှိ တာမို့ စစ်အုပ်စုနဲ့ အာဆီယံကြားပွဲစားလုပ်ပေးချင်ပုံပါ။

စစ်အုပ်စုအနေနဲ့ ပရက်ဆော့ခွန်းတောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကနေ အကျယ်ချုပ်အိမ် ပြန်ပြောင်းပေး၊အဲဒီနှစ်ချက်ကို စစ် အုပ်စု လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် ပရက်ဆော့ခွန်းကလည်း မြန်မာ့အရေးရလဒ်ကောင်းတွေ ထွက်ပေါ် လာခဲ့ပြီ၊စစ်အုပ်စုဟာ ပျော့ပြောင်းမှုရှိလာပြီ၊အာဆီယံမူ၅ရပ်အတွက် မျှော်လင့်ချက်ရောင် ခြည်သန်း လာပြီဆိုတာမျိုး ပုံကြီးချဲ့ပြဖွယ်ရှိပါတယ်။အဲဒီလိုနည်းနဲ့စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူသတ်အ လောင်း ဖျောက်မှုကိုဖုံးကာ စစ်အုပ်စု အပေါ်  အာဆီယံပေးမယ့် ဖိအား တွေ လျော့ပါးလာအောင် နေပြည် တော် သွား ပွဲစားလုပ်မယ်လို့ ထင်ရပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရလည်း ဘာမှတိုးတက်လာစရာအကြောင်း မရှိသလို အာဆီယံ ပေးနိုင်တဲ့ ဖိအားဆိုတာကလည်း ရှေ့ဆက်သွားမယ့် စစ်အုပ်စုရဲ့ခြေလှမ်းကို ရပ်တန့်နိုင်စွမ်းမရှိကြောင်း အာဆီယံရောနိုင်ငံတကာအသိုင်းအဝိုင်းကပါ သိပြီးသားပါပဲ။ဆိုလိုတာက  အိပ်ချင်ယောင် ဆောင်နေကြတာတွေ ရပ်မှသာ မြန်မာ့အရေး အချိုးအကွေ့တွေ သိသာထင်ရှား လာ နိုင်ပါမယ်။

မြန်မာ့အရေးဟာ ဒီနေ့အချိန်ထိ အင်မတန်ရိုးရှင်းနေသလို ကမ္ဘောဒီးယားရဲ့ဗလောင်းဗလဲတွေက လည်း  သိပ်ကို ဗြောင်ကျလွန်းနေပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024