မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှာ သြဂုတ် ၁၂ ရက် ဒီကနေ့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေ ရေကြီးရေလျှံပြီး ဒေသခံတွေ ဘေးလွတ်ရာ စတင်ပြောင်းရွေ့ နေရပါတယ်။
အနိမ့်ပိုင်းက နေအိမ်တွေမှာ ရေနစ်မြုပ်ပြီး လူတွေဆက်နေမရလို့ နီးစပ်ရာ ရေလွတ်ရာ နေအိမ်တွေဆီ ပြောင်းရွှေ့ နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မိုးက ဆက်လက်အားကောင်းနေတုန်းပဲ။ ရေကလည်း ပင်လယ်ဒီရေနဲ့ဆို ရေက များမယ်ဆိုရင် စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်ရှိသွားပါမယ်။ လူအသေပျောက်တော့ မရှိသေးပေမဲ့ လက်တလောမှာတော့ အရေးပေါ်အကူညီလိုအပ်ရတယ်။”
ရေးချောင်းဖျားဒေသဘက်ရှိ ကားလမ်းတွေမှာလည်း လမ်းရေကျော်နေပြီး ဆိုင်ကယ်နဲ့ ကားတွေ သွားလာလို့မရဘူးလို့ ရေးချောင်းဖျားဘက်က ဒေသခံတဦးက ပြောပါတယ်။
မိုးဇလဌာနကတော့ အခုရက်တွေမှာ တောင်ပိုင်း ဒေသဘက်တွေ မိုးရွာသွန်းမှု အားကောင်းလာမှာဖြစ်ပြီး မြေနိမ့်ပိုင်းက နေထိုင်ကြတဲ့သူတွေကို ရေကြီးရေလျှံတာ၊ တောင်ပြိတာတွေ ဖြစ်ပေါ်လာနိုင်လို့ သတိပြုကြဖို့ နှိုးဆော်ထားပါတယ်။
Credit -Banyar Aung Myat Thu