အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ကနေ ထွက်လာတဲ့ ကားတစီးကို ဆီရာချစ်ပ်ခရိုင် ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးရေးဂိတ်တခုမှာ သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်းက ရပ်တန့်စစ်ဆေးရာ ဖောက်ခွဲရေးပစ္စည်း အများအပြား ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မီဇိုရမ်ပြည်နယ်သား ယာဉ်မောင်းအပါအဝင် ကားပေါ်မှာပါလာတဲ့ ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်မှာ နေထိုင်သူ ချင်းအမျိုးသား ၂ ဦးတို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်တဦးက “ပစ္စည်းပါ တခါတည်းဖမ်းမိပြီဆိုတော့၊ ရဲတွေကလည်း ကြိုတင်သတင်းရပုံရတယ်။ ဒေသခံကာကွယ်ရေးတပ်က လက်နက်ဝယ်ယူ ရောင်းချသူတွေ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အဆိုပါကားပေါ်မှာ ဖမ်းဆီးခံရသူတွေနဲ့အတူ ဖောက်ခွဲရေးကိရိယာတွေဖြစ်တဲ့ Gelatine Neo Gel ၇,၈၀၀ ခု၊ ဒီတိုနေတာ ၄,၀၆၃ ခု၊ ဖျုးကြိုး မီတာ ၇၀၀ တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၉ ရက်ကလည်း မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မြန်မာနိုင်ငံသားတဦးကို ကာလပေါက်ဈေး ရူပီး ၃၂ သိန်းခန့်ရှိတဲ့ ဘိန်းဖြူ ၆၃ ဒသမ ၄၃ ဂရမ်နဲ့အတူ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။