ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ အဂတိမှု ၉ မှုအတွက် အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်မခံဘဲ ပလပ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒေါက်တာအေးဇံကို မွန်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်ပြီးနောက် ပြီးခဲ့တဲ့ မေ ၁၆ ရက်မှာ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ထားတာပါ။
အဲဒီထောင်ဒဏ်အမိန့်အတွက် သြဂုတ် ၁၁ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရှေ့နေအဖွဲ့က အယူခံ သွားရောက်လျှောက်ထားခဲ့ပါတယ်။
အဲဒီအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်မခံဘဲ အောက်ရုံး ဆုံးဖြတ်ချက်သာ အတည်ဖြစ်တယ်လို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမှု ၁၁ မှု ဖွင့်လှစ်ပြီး ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀(က) နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။