သြစတြေးလျနိုင်ငံသား ရှောင်တာနယ်အမှုကို သြဂုတ် ၁၁ ရက်က နေပြည်တော် အချုပ်ထောင်အတွင်း သီးသန့်အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူတွေကို စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ စွပ်စွဲခံရသူတွေထဲက ရှောင်တာနယ်ကိုပဲ စတင်စစ်ဆေးခဲ့ပြီး စစ်ဆေးတာပြီးတဲ့အတွက် နောက်အပတ်ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးသွားမယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားကာ အဆိုပါပုဂ္ဂိုလ်လေးဦးကို အားပေးကူညီမှုနဲ့ စွဲချက်တင် အမိန့်ချပြီး ဖြစ်ပါတယ်။
စွဲချက်တင်အမိန့်ချပြီး ပြန်ခေါ်သက်သေတွေကို စစ်ဆေးတာလည်း ပြီးပြီဖြစ်လို့ ဒီနေ့ရုံးချိန်းကစပြီး စွပ်စွဲခံသူတွေဖြစ်တဲ့ ရှောင်တာနယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နဲ့ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို ရုံးချိန်းတပတ်ကို တယောက်စီ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။