Home
ဆောင်းပါး
ကျပ်မပြည့်တဲ့ အကြမ်းဖက်စစ်တပ်
DVB
·
August 11, 2022

ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါလာတာပဲ လိုချင်တယ်ဆိုတဲ့ ရူးကြောင်ကြောင်စကားကို အကြမ်းဖက်စစ်တပ်ထဲ ဒီနေ့ထိတိုင် မြိန်ရေယှက်ရေ အသုံးပြုနေတုန်းပါပဲ။ စစ်တပ်ဆိုတာ တသွေး တသံ တမိန့်။ ဒါကျက် ဒါဖြေ အပိုအလိုမရှိသူဟာ တိကျတဲ့ ဉာဏ်ရည်ကောင်းသူအဖြစ် သူတို့စစ်တပ်တွင်း သူကောင်းပြုခံရပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ အဲဒီလို တသွေး တသံ တမိန့်အောက်မှာ တဦးချင်းစီရဲ့ ကိုယ်ရည် ကိုယ်သွေးတွေက ပရုပ်လုံးပမာ တဖြည်းဖြည်း ပါးလျသွားခဲ့ပါတယ်။ အထက်ကကျလာတယ်ဆိုတဲ့ အရာတွေက ဒီလိုတွေးပါလို့ သူတို့ရဲ့ တွေးခေါ်မြော်မြင်မှုတွေကိုကစလို့ လမ်းကြောင်းပေးထားခဲ့လေတော့ အဲဒီလမ်းကြောင်းကို မသွေဖည်၊ မချဲ့ကားဘဲ ကိုယ့်စိတ်ကူးစိတ်သန်းကို နည်းနည်းပါးပါး ကွန့်မြူးနိုင်တာသာ ရှိပါတယ်။

မှတ်မိသေးတယ်။ ၁၉၉၆ ခုနှစ်ဝန်းကျင်လောက်က ခပ်ညံ့ညံ့ ငယ်သူငယ်ချင်းတယောက် စစ်ဗိုလ်ဖြစ်ပြီးနောက် ရွာခဏ အလည်ပြန်လာ။ ရွာရောက်တော့ တခြားငယ်သူငယ်ချင်းတွေက ထမင်းဖိတ်ကျွေးလို့ သွားစားတာ လက်နဲ့မစား၊ ဇွန်းနဲ့လို့ ဆိုပါတယ်။ ဒါနဲ့ ဇွန်း ခက်ရင်း ချပေးတော့ မဟုတ်ပြန်။ ပုံမှန် ဟင်းခပ်တဲ့ဇွန်းနဲ့ပဲ စားမယ်တဲ့။ ဘာလို့လဲလို့ မေးကြည့်တော့ “ငါတို့အဘကြီးက ဒီလို ဇွန်းတချောင်းနဲ့ပဲ စားလို့ ငါတို့ စစ်တပ်အရာရှိပေါက်စတွေအထိ ဒီလို ဇွန်းနဲ့ပဲ လိုက်စားကြတာ” လို့ ဂုဏ်ယူစွာနဲ့ ပြောပြပါတယ်။

ဒါနဲ့ ဘဝင်မကျတဲ့ သူငယ်ချင်းတယောက်က “ဒါဆို မင်းတို့အဘကြီး ခြေထောက်နဲ့ ထမင်းစားရင် မင်းတို့လည်း ခြေထောက်နဲ့ လိုက်စားကြမှာလား” လို့ မေးလိုက်တော့ သူငယ်ချင်းတွေအားလုံး ရယ်ကြမောကြ၊ စစ်ဗိုလ်ကြီးကတော့ မျက်နှာမကောင်းရုံတင်မက သူတို့တပ်မတော်ကြီး တိုင်းပြည်တာဝန် ကြီးလေးစွာ ထမ်းဆောင်နေပုံတွေနဲ့ သန်းရွှေရဲ့ ဉာဏ်ရည်ကြီးမှုတွေကို လက်ချာရိုက်လိုက်တာ ပျော်ရွှင်ရမယ့် ထမင်းဝိုင်းဟာ အတည်ပေါက်တွေနဲ့ ပွဲပျက်ခဲ့ရပါတယ်။

အဲဒီထမင်းဝိုင်းအကြောင်း ပြောပြတဲ့ သူငယ်ချင်းက “ဒီကောင်က စစ်ဗိုလ်ဖြစ်သွားတာနဲ့ အရာရာမှာ ငါတို့ထက် ပိုသိ ပိုတတ်သွားတဲ့ အချိုးမျိုး ဖြစ်သွားတာ” လို့ ကောက်ချက်ချရုံတင်မက အမှန်တကယ်လည်း သန်းရွှေ ခြေထောက်နဲ့ ထမင်းစားရင် သူတို့ လိုက်စားကြမယ့်ပုံပဲလို့ ဆိုပါတယ်။ အဲဒီလို အထက်ကဆင်းလာတဲ့ ဇွန်းတချောင်းကအစ လိုက်လံတုပခြင်းဟာ သူတို့အတွက် အင်မတန် ဂုဏ်ယူရမယ့် တာဝန်ကျေပွန်မှုတခုပမာ အဓိပ္ပာယ်လေးနက်ကြပါတယ်။

ပြီးတော့ သူတို့စစ်သားတွေချည်း တသီးတသန့် နေထိုင်ရခြင်းကလည်း သူတို့ရဲ့ ကျဉ်းမြောင်းတဲ့ အဓိပ္ပာယ်ကို ပိုမိုလေးနက်စေခဲ့ပါတယ်။ သူတို့ရဲ့ တသီးတခြား နေထိုင်ရမှုအရ လူမှုပတ်ဝန်းကျင် ဆိုတာကို ဘာမှ မသိကြတော့သလို ကိုယ့်အကြောင်းသာ ကိုယ်သိကြရပါတယ်။ ဒီကြားထဲ ၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ကယ်တင်ရှင်ကြီးပမာ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်ပြီး ကိုယ်ပေါက်တဲ့အီး ကိုယ့်ဘာသာ ပြန်နမ်းကာ သိပ်မွှေးနေတာပဲ ဆိုတာတွေ ဖြစ်ကြရုံတင်မက ပြည်သူတွေရဲ့ အထက်မှာ ငါတို့ရှိတယ်လို့ သူတို့ဘာသာ ရူးသွပ်ကြပါသေးတယ်။

ဒါပေမဲ့ သူတို့ရဲ့ ကြီးပွားရာကြီးပွားလမ်း ဆိုတာက တဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးရှိမှုထက် ကိုယ် ကိုးကွယ်ခဲ့ရာ ဆရာ့ဆရာတွေရဲ့ ကြီးပွားမှုက ပိုအရေးပါပါတယ်။ အစဉ်အဆက် ထိပ်တန်းနေရာကို ရောက်လာကြတဲ့ ဘယ်ဗိုလ်ချုပ်မဆိုကို ကြည့်လိုက်၊ သူတို့ ဆရာ့ဆရာတွေရဲ့ အမှီကြောင့် အဓိကသာ ကြီးပွားခဲ့ကြတာချည်းပါ။

ဆရာ့ဆရာတွေကလည်း သူတို့ကြီးပွားလာပြီဟေ့ဆို သူ့ပိုင်နက်နယ်မြေမှာ သူ သေဆိုသေကြမယ့် တပည့်အရင်းအချာတွေကိုသာ စုဆောင်းလေ့ရှိပါတယ်။ ဘာကြောင့် ကိုယ့်လူရင်းတွေကိုသာ ခေါ်ကြသလဲ ဆိုတာက ၂ ချက် ရှိပါတယ်။ ပထမတချက်က သူတို့စစ်တပ်ထဲ အာဏာပြိုင်ဘက်တွေ ရှိနေခြင်းနဲ့ အာဏာပြိုင်ဘက်ချင်းကြား လုံးဝ မယုံကြည်ရမှုကြောင့် ဖြစ်ပါတယ်။

သူတို့ရဲ့ နောက်တဆင့်တက်လမ်းနဲ့ လက်ရှိနေရာကနေ ပြုတ်မကျစေရေးအတွက် ပြိုင်ဘက်တွေရဲ့ ခြေထိုးခံ ဇာတ်တူသားစားကြတာတွေက စစ်တပ်ရာဇဝင်မှာ တောက်လျှောက်ဆိုသလို ရှိနေခဲ့ပါတယ်။ အာဏာနဲ့ သိုက်တူးခွင့် အကြီးအကျယ်ရခဲ့ကြပြီး သူ့ထက်ငါ အပြိုင်သိုက်တူးခဲ့ကြတဲ့ ဒုတိယအာဏာရှင် သန်းရွှေလက်ထက်မှာ မဟုတ်တာ လုပ်ထားကြသူချင်း အပြိုင် သတိထားစောင့်ကြည့်ကာ အလဲထိုးခဲ့ကြပါတယ်။ ဥပမာ- ထွန်းကြည်၊ ကျော်ဘ၊ မြင့်အောင်။ အဲဒီနောက်ပိုင်း ဝင်းမြင့်တို့ဟာ ခင်ညွန့် လက်ချက်နဲ့ အလဲထိုးခံလိုက်ရတာဖြစ်ပြီး ခင်ညွန့်ဟာလည်း သန်းရွှေလက်ချက်နဲ့ မိုက်ဇာတ်သိမ်းခဲ့ရပါတယ်။ ပြောရရင် စစ်တပ်ဟာ အာဏာနဲ့ပတ်သက်လာရင် ဇာတ်တူသား စားဖို့တောင် ဝန်မလေးခဲ့တာ အထင်အရှားပါပဲ။ ဒါ့ကြောင့် ကိုယ့်အတွင်းရေး လုံခြုံမှုရှိအောင် ကိုယ့်စိတ်ချရတဲ့ သူတွေနဲ့သာ ကိုယ့်ခံတပ် ကိုယ်ခိုင်အောင် တည်ဆောက်ကြတာပါ။

ကိုယ့်အချုပ်အခြာအာဏာပိုင်နက်ထဲ ကိုယ့်လူရင်းတွေသာ ခေါ်ယူရတဲ့ ဒုတိယအကြောင်းရင်းက ဘုရင်ရူး ဘုရင်ကြောင် ကြောင်ကြတဲ့ ရောဂါကြောင့်ပါပဲ။ စစ်ခေါင်းဆောင်တွေဆိုတာ နေဝင်းကစလို့ သန်းရွှေတင်မက အခု အာဏာရှင်ပလ္လင်ပေါ် မရောက်နိုင်ဖြစ်နေတဲ့ မင်းအောင်လှိုင် အဆုံး ဘယ်သူ့ရဲ့ အကြံဉာဏ်ကိုမှ ရယူခြင်းမရှိဘဲ ကိုယ့်ဘာသာ စိတ်ကူးတည့်ရာ ဆုံးဖြတ်လေ့ ရှိပါတယ်။ ငါသာလျှင်ဘုရင်၊ ငါသာလျှင် အသိဆုံး ဆိုတာ နေဝင်းတို့ သန်းရွှေတို့လို ထိပ်ပိုင်းကောင်ကြီးတွေတင်မက ဟိုးအောက်ခြေ အဆင့်ဆင့်အထိ သူ့အင်ပါယာမှာ သူဘုရင် လုပ်နေသူတိုင်းရဲ့ ဦးနှောက်တိုင်းမှာ လှိုက်စားနေတဲ့ ကင်ဆာဖြစ်ပြီး အဲဒါဟာ တသွေးတသံတမိန့်ရဲ့ အကြီးကျယ်ဆုံး ဘေးထွက်ဆိုးကျိုးကြီးပါပဲ။

ဘုရင်ရူး ရူးဖို့ဆိုရင် ကိုယ့်ခြေတော်ရင်းအောက် ကိုယ့်အမိန့်မှန်သမျှကို တသွေမတိမ်း လိုက်နာပြီး ဘာမဆို မှန်ပါ့ဘုရား လုပ်နိုင်မယ့်သူတွေရှိဖို့။ ကိုယ်ပြောသမျှစကားကို ကိုယ့်စကားမဆုံးခင်မှာ လက်သီး လက်မောင်းတန်း ထောက်ခံသူတွေရှိဖို့ လိုပါတယ်။ အခု မင်းအောင်လှိုင် ထင်ရာတွေပြောနေတဲ့ အပတ်စဉ် အစည်းအဝေးကစလို့ သူတို့စစ်တပ်တွင်း လုပ်သမျှ အစည်းအဝေးမှန်သမျှရဲ့ အပြန်အလှန် ဆွေးနွေးခွင့်ဆိုတာ ရှေ့ဆုံးတန်းက အကြီးဆုံးပုဂ္ဂိုလ် ပြောသမျှကို ထောက်ခံဆွေးနွေးကြတာချည်းမို့ သူတို့ရဲ့ အစည်းအဝေးဆိုတာ ထောက်ခံပွဲတွေသာ ဖြစ်ပါတယ်။ ဘုရင်ရူး ရူးနေသူတွေ လိုအပ်တာ သူတို့ပြောသမျှ ထောက်ခံဖို့ပါပဲ။ ငါ့ဆရာ မှားသွားမှာစိုးလို့ဆိုပြီး ဒါကတော့ မဖြစ်သင့်ဘူးဆိုတာမျိုး စေတနာသွားထားမိသူဟာ တောထဲတောင်ထဲ ရှေ့တန်းပြန်သွားရဖို့ကလွဲ တခြားရလဒ် မရှိပါဘူး။

မှတ်မိကြဦးမယ်ထင်ပါတယ်။ သန်းရွှေ လက်ထက်တုန်းက တိုင်းမှူးလောက်ကအစ ရပ်ထဲရွာထဲ လူတွေကြားထဲ လာပြီဆို ဒေသခံပြည်သူတွေခမျာ သူတို့ရောက်မလာခင် ၁ နာရီ၊ ၂ နာရီလောက် ကြိုတင်ကာ နေပူထဲစောင့်ဆိုင်းရ၊ သူတို့ရောက်ရှိလာတော့လည်း လက်အုပ်လေးချီကာ ကြိုဆိုရ။ ဒီပြည်သူတွေ အခုလို ရောက်ရှိ လက်အုပ်ချီကြိုဆိုခြင်းဟာ အောက်ခြေ အာဏာပိုင်အဆင့်ဆင့်က ခိုင်းလို့ လုပ်ရတယ်ဆိုတာ ကြိုဆိုခံပုဂ္ဂိုလ်ကြီးက ကောင်းကောင်းသိပေမဲ့ မသိချင်ယောင်ဆောင်ကာ အရသာခံကြပါတယ်။ ဘာကြောင့် သူက သိရတာလဲဆိုတော့ သူ မကြီးပွားခင် ဆရာ့ဆရာတွေရဲ့ တပည့်ရင်းဘဝတုန်းက အခုလိုကြိုဆိုအောင် သူကိုယ်တိုင် အောက်ခြေအာဏာပိုင်တွေကို အမိန့်ပေး ခိုင်းစေခဲ့တာကြောင့်ပါပဲ။ ပြောရရင် တပည့်ရင်းချာတွေ မလွဲမသွေ ထမ်းဆောင်ရမယ့် အရေးကြီးတာဝန်ထဲမှာ ကိုယ့်ဆရာ ဘုရင်ရူး မရူးရူးအောင် မြှောက်ပင့်ကြဖို့လည်း ပါပါတယ်။

စစ်သားတွေဟာ ကိုယ်တပည့်ဘဝတုန်းကလည်း ကိုယ့်ဆရာကို ဘုရင်အမှတ်နဲ့ ကိုးကွယ်ခဲ့သလို ကိုယ်ဆရာဖြစ်တော့လည်း ဘုရင်ကြီးလို ဟန်လုပ်တော့တာပါပဲ။ ကိုယ့်အာဏာ ကိုယ် ခိုင်သထက်ခိုင်ဖို့ရာ ကိုယ့်စကား မြေဝယ်မကျတဲ့သူတွေ စုစည်းကာ တည်ဆောက်ရရုံတင်မက ကိုယ့်ကို အားပြိုင်လာနိုင်သူ၊ ကိုယ့်စကား ပမာမခန့်လုပ်ချင်သူ မှန်သမျှကို ချောင်ထိုးထားပြီး အခွင့်မသာသေးချိန် သတိထား စောင့်ကြည့်နေကာ  အခွင့်သာတာနဲ့ ရှင်းထုတ်ကြပါတယ်။

ဟုတ်ပြီ၊ အထက်မှာဆိုထားသလို ကျပ်မပြည့် အတွေးအခေါ်နဲ့ ဖွဲ့စည်းထားရုံတင်မက အာဏာဆိုတဲ့ အမဲရိုးကို ကိုက်ခွင့်ရဖို့ အလစ်ချောင်းကြ၊ ဦးတဲ့သူ သတ်ကြနဲ့ ဒီလောက် ရှုပ်ထွေးနေတဲ့ စစ်တပ်ဟာ ဘာကြောင့် မပြိုကွဲရတာပါလဲ။ ဒီစစ်တပ်မှာ အာဏာရှိနေသ၍ သူတို့ကိုယ်စီ အကျိုးစီးပွားတွေ ရှိနေတာကြောင့်ဖြစ်ပြီး သူတို့ချင်းကြား အကျိုးစီးပွားချင်း ချိတ်ဆက်နေတာကြောင့်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို အခြေအနေ ယိုင်နဲ့လာပြီဖြစ်တဲ့ ကာလမှာ စစ်တပ်အာဏာကြောင့် ငါတို့ပါ ဒုက္ခရောက်သွားမလားလို့ တွေးနေကြသူတွေ ရှိနေပါပြီ။ သူတို့က စစ်တပ်ထဲ ရှေ့တန်းထွက် အသေခံတိုက်နေရတဲ့ စစ်သားတွေနဲ့ မင်းအောင်လှိုင် ချောင်ထိုးထားတာ ခံနေရသူတွေ ဖြစ်ပါတယ်။

တကယ်တော့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ် ဆိုတာ မွဲတေတဲ့နိုင်ငံမှာ ခေတ်မီတယ်လို့ ပြောနိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်ထားတာကလွဲလို့ ၁၉ ရာစုခေတ်က ရိရော်နေတဲ့ အတွေးအခေါ်နဲ့သာ စစ်တပ်ယန္တရားကို မောင်းနှင်နေတာ ဖြစ်ပါတယ်။ ဆိုလိုတာက အဲဒီလို ကျပ်မပြည့်တဲ့ စစ်တပ်ကို ပြည်သူတရပ်လုံးက စိတ်ရောကိုယ်ပါ အပြင်းအထန် ဆန့်ကျင်နေတာကြောင့် ကျနော်တို့ မနိုင်စရာအကြောင်းမရှိဘူး ဆိုတာပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024