အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ဩဂုတ် ၉ ရက်က မြန်မာနိုင်ငံသားတဦးထံမှ ဘိန်းဖြူ ၆၃ ဒသမ ၄၆ ဂရမ်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အိုင်ဇောလ်မြို့ Thuampui ရပ်ကွက်မှာနေထိုင်တဲ့ ကလေးမြို့ တာဟန်းရပ်ကွက်က အသက် ၃၅ နှစ်အရွယ် Lalhruailiana ရဲ့ နေအိမ်ကို မနေ့မနက်ပိုင်းက သတင်းပေးပို့ချက်အရ မီဇိုရမ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ဆပ်ပြာခွက်ထဲထည့်ထားတဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ မြန်မာနိုင်ငံသားထံမှ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတန်ဖိုးဟာ နိုင်ငံတကာပေါက်ဈေးအရ ရူပီးငွေ ၃၂ သိန်းခန့် ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူကို Bawngkawn ရဲစခန်း ပို့ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု အက်ဥပဒေနဲ့ တရားမဝင် ဝင်ရောက်နေထိုင်မှု (နိုင်ငံခြားသား) တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေ အမြောက်အမြား နေထိုင်နေတဲ့ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု ဆက်လက်မြင့်တက်နေပြီး အထူးသဖြင့် ဘိန်းဖြူအများစုဟာ အိန္ဒိယ-မြန်မာ နယ်စပ်ဘက်ကနေ ဝင်ရောက်လာတာဖြစ်ပြီး ဘိန်းဖြူဖမ်းဆီးမှု အများစုမှာ မြန်မာနိုင်ငံသားတွေထံက ဖမ်းဆီးရမိနေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ မီဇိုရမ်ပြည်နယ်အတွင်းကို မူးယစ်ဆေးဝါးတွေ သယ်ယူရောင်းချတာ မပြုကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန် သတိပေးခဲ့ပါတယ်။