Home
မြန်မာသတင်း
ကန်ဒေါ်လာဈေးကို ဗဟိုဘဏ်ရည်ညွှန်းဈေး ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်း ရောင်းဝယ်ရန် ညွှန်ကြား
DVB
·
August 10, 2022

အမေရိကန်ဒေါ်လာဈေးကို ဗဟိုဘဏ် ရည်ညွှန်းဈေးရဲ့ ၀ ဒသမ ၃ ရာခိုင်နှုန်း အတိုး၊ အလျှော့ဘောင်အတွင်းမှာ သတ်မှတ်ပြီး အရောင်းအဝယ် ပြုလုပ်ရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဒီကနေ့ ညွှန်ကြားချက်ထုတ်ပြန်ပါတယ်။

အဲဒီသတ်မှတ်ချက်ကို ကျော်လွန်ဆောင်ရွက်မယ်ဆိုပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ သတိပေးထားပါတယ်။

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေ၊ နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ပေးခွင့်လုပ်ငန်း (MC) လိုင်စင်ရဘဏ်တွေနဲ့ (MC) လိုင်စင်ရဘဏ် မဟုတ်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံခြားငွေကို ရောင်းချ၊ဝယ်ယူ၊ လဲလှယ်မှုတွေ လုပ်ဆောင်ရာမှာ အခုညွှန်ကြားချက်တိုင်း ဝယ်ဈေးနှုန်း၊ ရောင်းဈေးနှုန်းကို သတ်မှတ် ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီတွေက ပြည်ပကို နိုင်ငံခြားငွေ လွှဲပြောင်းရာမှာ သော်လည်းကောင်း၊ ပြည်ပကနေ နိုင်ငံခြားငွေလွှဲပို့မှု ဆောင်ရွက်ရာမှာသော်လည်းကောင်း အခု ညွှန်ကြားချင်အတိုင်း သတ်မှတ်ဆောက်ရွက်ရမယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းကစတင်ပြီး အမေရိကန်ဒေါ်လာ ရည်ညွှန်းဈေးကို ၁ ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ နှုန်းသေ သတ်မှတ်ဆောင်ရွက်ခဲ့တာပါ။

လေးလကျော်ကြာ ၁၈၅၀ ကျပ် ပုံသေသတ်မှတ်ခဲ့ရာကနေ သြဂုတ် ၈ ရက်နေ့က စတင်ပြီး ၁ ဒေါ်လာကို ၂၁၀၀ ကျပ်အထိ တရားဝင် တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

တချိန်တည်းမှာပဲ အရင်က ပို့ကုန်သမားတွေရဲ့ ပို့ကုန်ရငွေအားလုံးကို ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ မြန်မာကျပ်ငွေ မဖြစ်မနေလဲလှယ်ဖို့ ညွှန်ကြားထားရာကနေ သြဂုတ် ၅ ရက်နေ့ကနေ စတင်ပြီး ၆၅ ရာခိုင်နှုန်းကိုသာ မဖြစ်မနေလဲလှယ်ဖို့ ပြင်ဆင်သတ်မှတ်ခဲ့ရာ ကျန် ၃၅ ရာခိုင်နှုန်းကို လက်ဝယ်ထားရှိခွင့် ပေးခဲ့ပါတယ်။

လက်ရှိ နိုင်ငံခြားငွေ ဈေးကွက်အနေအထားကတော့ ပြင်ပဈေးကွက်မှာ ကြိုက်ရောင်း၊ ရောင်းဝယ်နဲ့ မှောင်ခိုစျေးကွက် ဖြစ်ပေါ်နေပြီး၊ တရားဝင် ငွေလဲကောင်တာတွေမှာလည်း အရောင်းအဝယ် မရှိသလောက် ဖြစ်နေပါတယ်။

လတ်တလော နိုင်ငံခြားငွေ ပြင်ပဈေးကွက်မှာတော့ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၂၆၀၀ အထက်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024