မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သြဂုတ် ၉ ရက် ညက စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ် ၁ စင်း ပျံသန်းနေတဲ့အပေါ် ဒေသခံတွေ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။
အခုလို ညဘက်မှာ ကင်းထောက်လေယာဉ်ကို မမြင်ရပေမဲ့ အသံကြားရပြီး ကင်းထောက်လေယာဉ်က ရေးမြို့ပေါ်ကို စတင်ထောက်လှမ်းခဲ့တာပါ။
KNU ထိန်းချုပ်နယ်မြေဘက်၊ PDF တွေ အခြေစိုက်ထားတဲ့နေရာတွေဘက်ကိုလည်း မကြာခဏ ကင်းထောက်လေယာဉ်နဲ့ စုံစမ်းထောက်လှမ်းနေတယ်လို့ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
မြို့တွင်း အဝင်အထွက်နဲ့ မြို့တွင်း ကင်းစခန်းတွေကအစ အရင်ကထက် ပိုမိုလုံခြုံရေးယူထားတာ တွေ့ရလို့ နောက် ဘာထပ်ဖြစ်လာမလဲဆိုတာ အတိအကျ မပြောရဲဘူးလို့ ဒေသခံတဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်က လဝကရုံး ဝင်ရောက်တိုက်ခိုက်ခံရအပြီးမှာ အခုလို စစ်ကောင်စီတပ်ဘက်က အင်းအားသုံး လုံခြုံရေးဖြည့်တင်းထားသလို အနည်းဆုံး ပြည်သူ ၁၀ ဦးကိုလည်း မသင်္ကာမှုနဲ့ စစ်ဆေးဖမ်းဆီး ထိန်းသိမ်းထားပါတယ်။