Home
မြန်မာသတင်း
စစ်လေယာဉ်ပစ်ချရေး Project Dragonfly ရန်ပုံငွေဖြင့် စတင်တာဝန်ထမ်းဆောင်နေဟု NUG ကြေညာ
DVB
·
August 10, 2022

စစ်ကောင်စီတပ်တွေရဲ့ စစ်ဘက်လေယာဉ်တွေကို ပစ်ချနိုင်ရေးအတွက် Project Dragonfly က ရရှိတဲ့ ရန်ပုံငွေတွေကို စစ်ရေးမဟာဗျုဟာတွေနဲ့အညီ အသုံးချနေပြီး ကနဦးပစ္စည်းတချို့ကတော့ စတင်တာဝန်ထမ်းဆောင်နေပြီလို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Click2donate နဲ့ ပန်ဆယ်လိုတို့ ဦးဆောင်ကောက်ခံနေတဲ့ ဒီပရောဂျက်ကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ သန်းကျော် စံချိန်တင် ရရှိခဲ့ပြီး ထပ်မံပြီးတော့ လိုအပ်တဲ့ ပစ္စည်းတွေ ဆက်လက်ရရှိရေးနဲ့ ထိရောက်စွာ အသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန်ထားတာပါ။

ပြည်သူအပေါ်လူမဆန်စွာ လေကြောင်းကနေ တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဥ်၊ ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ဖို့ လေယာဥ်ပစ် လက်နက်ဝယ်ယူဖို့ မျှော်မှန်းထားတဲ့ ဒီအစီအစဉ်မှာတော့ အမေရိကန်၊ ကနေဒါ၊ ယူအေအီး၊ ဩစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းစတဲ့ နိုင်ငံတွေမှာ နေထိုင်ကြသူတွေဆီက အလှူငွေတွေ ကောက်ခံခဲ့တာဖြစ်ပြီး စတင်ခဲ့တဲ့ ပထမ ၂ ရက်အတွင်းမှာ သိန်းထောင်ချီရရှိခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာတင် ကနဦးမျှော်မှန်းထားတဲ့ ပမာဏထက် ကျော်လွန်ရရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ကောက်ခံရရှိမှုပမာဏတွေထဲမှာတော့ စင်ကာပူနိုင်ငံက ၅၂ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ အမေရိကန်၊ ကိုရီးယား၊ ထိုင်း၊ ဂျပန်စတဲ့ နိုင်ငံတွေက အစဉ်လိုက် ရှိနေတာ ဖြစ်ပါတယ်။

ဒီပရောဂျက်ကို ဦးဆောင်သူ Click2donate ကတော့ “မျှော်မှန်းထားတာထက် ပိုက်ဆံအများကြီးပိုရခဲ့လို့  တာဝန်တွေအများကြီး ပိခဲ့ပါတယ်ခင်ဗျာ။ အဲ့ဒီတာဝန်တွေထဲက တချို့တော့ ပြီးမြောက်ခဲ့ပါပြီ။ မျှော်မှန်း တာထက်ပိုရခဲ့တဲ့အတွက်လဲ ပြန်ရတာတွေက ပိုရမှာပါခင်ဗျာ။  ငွေလွှဲပြောင်းတာသီးသန့်ကိုပဲ တစ်လနီးပါးကြာခဲ့တဲ့ ပရောဂျက် dragonfly ဖြစ်ပါတယ်ခင်ဗျာ… … … ပြည်သူတွေရဲ့ပိုက်ဆံမို့  100% အကျိုး ရှိအောင် ဂရုတစိုက်(သေသေချာချာ) အလုပ်လုပ်နေကြပါတယ်တဲ့ခင်ဗျာ။ ကျွန်တော်တို့လဲ တောက်လျှောက်ဘေးကနေစောင့်ကြည့်ဝန်းရံကူညီနေပါတယ်ခင်ဗျာ။ ပုခုံးပေါ်က တာဝန်တချို့ (အပြည့်အဝ မဟုတ် သေး) ပေါ့သွားတာမို့ မကြာခင် နောက်ထပ်ပရောဂျက်တစ်ခုနဲ့ ပြန်လာခဲ့ပါမယ်ခင်ဗျာ။”လို့ ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024