Home
မြန်မာသတင်း
ပြည်တွင်းရွှေစျေး ပြန်မြင့်တက်
DVB
·
August 9, 2022

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်တဒေါ်လာ ရည်ညွှန်းဈေးနှုန်းအဖြစ် ၂,၁၀၀ ကျပ်အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် ပြင်ပစျေးကွက်အတွင်း ရွှေစျေးအနည်းငယ် ကျရိပ်ပြခဲ့ပေမဲ့ ဒီကနေ့မှာ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

ပြင်ပစျေးကွက်မှာ ဩဂုတ် ၄ ရက်က အကယ်ဒမီ မီးလင်းအခေါက်ရွှေ တကျပ်သားကို ကျပ် ၂၄ သိန်းအထက်ရှိခဲ့ပြီး ဗဟိုဘဏ်ရဲ့ ဒေါ်လာငွေလဲနှုန်း အပြောင်းအလဲကြောင့် သြဂုတ် ၆ ရက်မှာ ကျပ် ၂၄ သိန်းအောက်ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။

ဒေါ်လာစျေးဂယက်ကြောင့် အနည်းငယ်ကျဆင်းသွားတဲ့ ရွှေစျေးဟာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတာကြောင့် ဒီနေ့မှာ တကျပ်သားကို ကျပ် ၂၄ သိန်းအထက်ကို ပြန်လည် မြင့်တက်လာပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး သတ်မှတ်နှုန်းထားကလည်း ရက်ပိုင်းအတွင်း တကျပ်သားကို ကျပ် ၃၀,၀၀၀ ကျော် မြင့်တက်လာပါတယ်။

ဩဂုတ် ၄ ရက်မှာ အကယ်ဒမီ မီးလင်းအခေါက်ရွှေ တကျပ်သားကို ကျပ် ၂,၀၆၁,၀၀၀ နဲ့ အသင်းက ဈေးကွက်ဖွင့်ခဲ့ပြီး ဒီနေ့ သြဂုတ် ၉ ရက်မှာ ကျပ် ၂,၀၉၂,၀၀၀ နဲ့ စျေးကွက်ဖွင့်လှစ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတာကြောင့် ငွေကို လက်ဝယ်ကိုင်ဆောင်မထားချင်သူတွေက ရွှေနဲ့ အိမ်ခြံမြေဘက်ကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာကြတာကြောင့် ရွှေနဲ့ အိမ်ခြံမြေဈေးတွေက အမြင့်ပိုင်းကို ရောက်ရှိနေတာလို့ စီးပွားရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

လက်ရှိ ရန်ကုန်ရွှေဈေးကွက်ထဲမှာတော့ ရွှေကို ရင်းနှီးမြှုပ်နှံထားသူတွေက ပြန်လည်ရောင်းချမှုမရှိဘဲ လက်ဝယ်ထားရှိပြီး စျေးကွက်အခြေအနေကို စောင့်ကြည့်နေကြတာကြောင့် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ဒေါ်လာငွေလဲနှုန်း ဆွဲတင်မှုဟာ ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ်ရည်ညွှန်းစျေးတို့အကြား ကွာဟချက် မြင့်မားနေတာကို ထိန်းညှိလိုက်တဲ့သဘော ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီက ဒေါ်လာစျေးကို ထိန်းညှိပေမဲ့ လတ်တလော ပြင်ပစျေးကွက်မှာ တဒေါ်လာကို ကျပ် ၂,၆၀၀ အထက်မှာပဲ ဆက်ရှိနေပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ်နဲ့သာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ငွေလဲကောင်တာတချို့ကလည်း အမေရိကန်ဒေါ်လာ အရောင်းအဝယ်ကို ခေတ္တရပ်နားထားကြပြီး ဖုန်းနဲ့ပဲ ညှိနှိုင်း အရောင်းအဝယ် ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024