Home
မြန်မာသတင်း
မြောင်မြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံး
DVB
·
August 9, 2022

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဇူလိုင်လအတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံ မြောင်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) က တိုက်ခိုက်တာကြောင့် စစ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ CDSOM တာဝန်ရှိသူက ပြောပါတယ်။

မြောင်မြို့နယ်မှာ စစ်ကောင်စီက ကျေးရွာပေါင်း ၂၈ ရွာအထိ အကြမ်းဖက်မီးရှို့ခဲ့ပြီး သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါတယ်။

၂၀၂၁ ဒီဇင်ဘာလမှာ CDSOM က မြောင်မြို့နယ်ကို အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ပြီလို့ ကြေညာခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီက မြို့ပေါ်မှာတပ်စွဲပြီး ရွာစဉ်လှည့် အကြမ်းဖက်ခဲ့တာပါ။

မြောင် CDSOM နဲ့ စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၃၀ ရက်က နောက်ဆုံးထိတွေ့မှု ဖြစ်ထားပြီး လတ်တလောမှာ နှစ်ဖက် အပြန်အလှန် စောင့်ကြည့်နေကြတယ်လို့ CDSOM တာဝန်ရှိသူက ပြောပါတယ်။ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး အရေအတွက် အတိအကျကို ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

CDSOM တာဝန်ရှိသူ မင်းယက္ခက “ဇူလိုင်လအတွင်းမှာ သူတို့နဲ့ ထိတွေ့တိုက်ပွဲ ၄ ကြိမ်လောက်ဖြစ်တယ်။ ထိပ်တိုက်သဘောတော့ မဟုတ်ဘူး။ ပြောက်ကျားသဘောဆိုတော့ ခြုံခိုတိုက်ခိုက်တယ်။ အဲ့ဒီစနစ်နဲ့ပဲ သွားနေတယ်။ ကျေးရွာပေါင်း ၂၈ ရွာလောက် သူတို့ မီးရှို့ဖျက်ဆီးတယ်။ စစ်ကောင်စီဘက်က ၃၀ နဲ့ ၅၀ ကြားလောက်မှာ သေလိမ့်မယ်ဗျ။ ဘာကြောင့်လဲဆိုတော့ သူတို့က စစ်ကြောင်းက ၁၀၀ ကျော်လာတာရယ်၊ နောက်ပြီးတော့ ရေစကြိုဘက်ကမ်းကို ကူးသွားတဲ့ အနေအထားရယ်ကို ကြည့်လိုက်တဲ့အခါကြတော့ သူတို့ ထိခိုက်ဒဏ်ရာ အနည်းဆုံး ၂၀ လောက်ရလိမ့်မယ်။ ရေစကြိုဘက်ခြမ်းက ဆေးရုံကရတဲ့ သတင်းအရပေါ့။ ကျနော်တို့ဘက်က ရဲဘော် ၂ ယောက်ထိတယ်၊ အသေးစားပါဗျ။ သူတို့ရဲ့ ၆၀ မမ အဆန်ထိတာပေါ့။ ပြည်သူတွေတော့ အထိအခိုက်မရှိခဲ့ဘူး။ ကျနော်တို့က တိုက်ပွဲတခု ဆင်နွှဲမယ်ဆိုရင် အနီးနားကရွာတွေမှာ ပြည်သူတွေကို တယောက်မှမထားတော့ဘူး။ ကားနဲ့ ဆိုင်ကယ်နဲ့ ဝိုင်းကူပြီး အရင်ထုတ်ပေးလိုက်တယ်။ ထုတ်ပေးပြီးမှ ကျ‌နော်တို့ စစ်ဆင်ရေးဗျူဟာကို ခင်းတာပေါ့” လို့ ပြောပါတယ်။

ဩဂုတ်လဆန်းပိုင်းကနေ လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်းရဲ့ ကုန်သွယ်ရေးဗဟိုချက်ဖြစ်တဲ့ မုံရွာမြို့၊ ရွှေတောင်ဦးကုန်း၊ အောင်ဇေယျ စစ်မှုထမ်းဟောင်းအိမ်ရာဂိတ်ကနေ ကနီ၊ မင်းကင်းနယ်ဘက်သွားတဲ့ ကားတွေကို စစ်ကောင်စီက စစ်ဆေးရေးတွေ တင်းကျပ်နေတယ်လို့ ကနီဒေသခံတယောက်က ပြောပါတယ်။ စစ်သားတွေက ကျောင်းသုံးဖတ်စာအုပ်တွေနဲ့ စာရေးကိရိယာတွေကို သိမ်းယူနေပြီး ငွေကြေးတောင်းခံတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း မြို့နယ်တချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာရေးစနစ် အကောင်အထည်ဖော်နေတာကို ဖျက်ဆီးချင်တဲ့အတွက် အခုလို ဖမ်းဆီးခြိမ်းခြောက်တာတွေ ပြုလုပ်နေတာလို့ ကနီဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီက မုံရွာမြို့၊ ရွှေတောင်ဦးဂိတ်ကနေ ပြည်သူတွေသယ်ယူနေတဲ့ ရိက္ခာနဲ့ ဆေးဝါးလမ်းကြောင်းတွေကို ကန့်သတ်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ ကနီဒေသခံ ကျောင်းသားမိဘတဦးက ပြောပါတယ်။

“လေထန်ကုန်း (ခေါ်) ရွှေတောင်ဦးကုန်းမှာ စာအုပ်တွေဖမ်းနေလို့၊ ကလေးတွေစာသင်တဲ့ စာအုပ်တွေ။ ဖမ်းပြီးတော့ ပိုက်ဆံတောင်းတယ်တဲ့။ ပိုက်ဆံပေးလိုက်တော့ ပြန်ပေးလိုက်တယ်တဲ့။ သူတို့က အကုန်ပိတ်ဆို့ချင်နေတာ။ လောလောဆယ် ကျနော်တို့ ကနီဘက်ခြမ်းကို လာတဲ့ကားတွေ ဖမ်းနေတာ။ ကလေးတွေက ပညာက ၃ နှစ်တာကာလလောက် ဝေးနေတာဆိုတော့ အိမ်မှာ ကိုယ်တတ်နိုင်သလောက် အစ်ကို အမတွေက သင်ပေးတာတွေလည်း ရှိတယ်လေ။ အာရုံတွေ ဘေးမရောက်သွားအောင်ပေါ့။ အဲ့လိုလေးတွေ လေ့လာချင်တော့ သူတို့တတ်နိုင်သမျှ ငွေကြေးလေးတွေနဲ့ စာအုပ်လေးတွေ မှာကြပေါ့။ အဲ့လိုမှာရင်းနဲ့ အဖမ်းခံရတာတွေ ရှိတာပေါ့။ ပညာရေးမှာ စာအုပ်စာပေတွေကို ဖမ်းတယ်ဆိုတာ ကလေးတွေရဲ့ အနာဂတ်ကို အညွန့်ချိုးတာပဲလေ။ သူတို့ကို အန္တရာယ်ဖြစ်စေတာလည်း မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ပညာရေးကို ကူညီပေး ထောက်ပံ့ပေးရမှာချည်းပဲလေ။ ကလေးသူငယ် အခွင့်အရေးလည်း အပြည့်အဝ ခံစားခွင့်ရှိရမှာပဲ။ ကလေးတွေရဲ့ ပညာရေးကို နှောင့်ယှက်တယ် ဆိုတာကတော့ တော်တော်လေးကို‌ အောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။” 

အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ကာကွယ်ဖို့ အမျိုးသမီးတွေပါ တော်လှန်ရေးထဲ ပါဝင်လာပြီး တတ်နိုင်တဲ့ဘက်က ကူညီနေကြတာပါ။

ကာကွယ်ရေးအတွက် လိုအပ်တဲ့ လက်နက်နဲ့ကျည်ဆံ ဝယ်ယူနိုင်ဖို့ ပိုင်ဆိုင်တဲ့ ရွှေ ငွေ လက်ဝတ်ရတနာတွေကို အမျိုးသမီးတွေက လှူဒါန်းရောင်းချပြီး PDF တွေကို အကူအညီ ပေးခဲ့ကြပါတယ်။

နားကပ်ချွတ်လှူခဲ့တဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်ဒေသခံ အမျိုးသမီးတယောက်က တော်လှန်ရေးကို ကိုယ်နဲ့မဆိုင်သလို မနေကြဘဲ ပူးပေါင်းပါဝင်ပေးကြဖို့ အခုလို မေတ္တာရပ်ခံပါတယ်။

“ကျမတို့အတွက် ကာကွယ်ပေးထားတာ ဖြစ်တဲ့အတွက် ဒါလေးကို လှူဒါန်းရတာပါ။ ကျမနားကပ်ကို ချွတ်ပြီး လှူဒါန်းခဲ့တာပါ။ ရပ်ရွာကာကွယ်ရေးအတွက် လိုအပ်တယ်လေ။ ကျမတို့ ညအိပ်တာတောင်မှ သူတို့ရှိလို့သာ ကျမတို့မှာ ခေါင်းပြားအောင်အိပ်ရတာ။ မဟုတ်ရင် ဘယ်ကဝင်လာမတုန်းဆိုတာ အမြဲတမ်း စိုးရိမ်နေရတာ။ သူတို့ရှိတော့ သူတို့သတင်းပေးတော့ ကျမတို့က ရှောင်လို့လွယ်တယ်လေ။ သူတို့က အကုန်လုံးအတွက် အများအတွက် ကာကွယ်ပေးတာမို့လို့ သူတို့ကို ကျေးဇူးတင်တယ်လို့။ အခုလည်း ဆန်ချေးပြီး စားနေရတာ။ မရှက်လို့တော့ မဟုတ်ပါဘူး၊ ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တာပါ။ ရွာမှာ ငါနဲ့မဆိုင်ဘူးဆိုပြီး မပါဝင်ကြသူတွေကိုလည်း ပြောချင်တာပါ။ ငါတို့နဲ့မဆိုင်ဘူး တချို့က ပြောကြပါတယ်။ ဒါပေမဲ့ တနေ့ကျ ဆိုင်လာမှာလေ။ မဆိုင်ဘူးဆိုတာ မရှိဘူး။ ခုနေခါက ဆိုင်တဲ့သူချည်းပဲ။ ရွာကို ကာကွယ်ပေးတဲ့ အဖွဲ့ကိုလည်း သူတို့စလုပ်ကတည်းက သိတယ်။ ဒါပေမဲ့လည်း ကျမမှာမရှိတော့ နားက နားကွင်းလေးပဲချွတ်ပြီး လှူလိုက်တာပါ။” 

စစ်ကောင်စီက ဩဂုတ်လဆန်းကစပြီး သူတို့ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတဲ့ ချင်းတွင်းမြစ်ရိုးကို ထိန်းချုပ်နိုင်ဖို့ မင်းကင်းနဲ့ ကနီနယ်တွေကို အဓိက ဖိအားပေး အကြမ်းဖက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ လေကြောင်းကိုပါအသုံးပြုပြီး ပစ်ခတ်တာ၊ ရွာသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကြောင့် ဒေသခံ PDF တွေဟာ တုံ့ပြန်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်းကင်းနဲ့ ကနီနယ်ကို ထိန်းချုပ်နိုင်ဖို့ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးပြီး ပြည်သူချင်း ရန်တိုက်ပေးတဲ့ နည်းလမ်းကိုလည်း စစ်ကောင်စီက ဆက်တိုက်အသုံးပြုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပုံမှန်သတင်းထုတ်ပြန်လေ့ မရှိဘဲ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024