ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအင်း အရှေ့ဘက်ကမ်း၊ လွယ်ပေါကျေးရွာက ကုန်ပစ္စည်းသိုလှောင်ရုံတွေ၊ ပြောင်းစပါးပွဲရုံတွေ၊ စျေးဆိုင်ခန်းတွေနဲ့ လူနေအိမ်တွေကို အာဏာသိမ်း စစ်ကောင်စီတပ်က ဖျက်ဆီးဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို အဓမ္မ ခိုးယူသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်က ကျမရွာက ဂိုဒေါင်တွေ၊ စျေးဆိုင်တွေ၊ အိမ်တွေကို ဖျက်ဝင်ပြီး ရှိသမျှပစ္စည်း အကုန်ယူတာပဲ။ အဝတ်ထည့်တဲ့ဘီရိုပါ မချန်ဘူး ကားနဲ့သယ်သွားတယ်။ ပြောင်းဂိုဒေါင်ကဆိုရင် ပြောင်းဖူးအိတ်၊ မြေသြဇာအိတ် ဘာမှမချန်ဘူး။ စျေးဆိုင်တွေလည်း အကုန်ဖောက်ယူတာပဲ” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လွယ်ပေါကျေးရွာအပြင် အနီးအနားမှာရှိတဲ့ နမ့်စွမ်၊ နမ့်ပေါ်လုံ၊ မခေးခမ်း စတဲ့ ကျေးရွာ ၅ ရွာက ပြည်သူလူထုတွေရဲ့ ပစ္စည်းဥစ္စာတွေအပြင် မွေးမြူထားတဲ့ ကျွဲ၊ နွားတွေကိုပါ ဖမ်းဆီးယူဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။
“နမ့်စွမ်ရွာက ဦးဘော်ရဲ့ နွားတအုပ်လုံးကို စစ်ကောင်စီက ဖမ်းပြီး ကားနဲ့သယ်ယူသွားတယ်။ တခြားနွားအုပ်တွေကိုလည်း ဖမ်းယူတယ်။ နွားတအုပ်ကို အကြီးအသေး အကောင် လေးငါးဆယ်မကရှိတယ်” လို့ ရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာတွေနဲ့ ကျွဲနွားတွေကို လွယ်ပေါကျေးရွာကနေ ညောင်ရွှေမြို့ဘက်ကို ကားကြီးကားငယ်တွေနဲ့ သယ်ဆောင်သွားတာလို့ မျက်မြင်သက်သေ မူလပိုင်ရှင် ပြည်သူတွေက ပြောပါတယ်။
ဖယ်ခုံမြို့နယ်၊ မိုးဗြဲအင်း အရှေ့ဘက်ကမ်း လွယ်ပေါကျေးရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူပြီး အခုနှစ် မေလပိုင်းက စစ်ကြောင်း ထိုးလာတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာစဥ်အတွင်း ဆောင်နန်းခဲကျေးရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လွယ်ပေါကျေးရွာ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိကာ စစ်ကောင်စီတပ်က လွယ်ပေါရွာအနီးက တောင်ကုန်းမှာ စခန်းချထားတာကြောင့် ဒေသခံ ၁ သောင်းဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရပါတယ်။