Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဆီ၊ စပါးထွက်နှုန်း မျှော်မှန်းချက် မအောင်မြင်နိုင်ဟု စိုက်ပျိုးရေး သုတေသီ သုံးသပ်
DVB
·
August 9, 2022

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဆီ၊ စပါးထွက်နှုန်း မျှော်မှန်းထားချက်ဟာ မဖြစ်နိုင်ဘဲ အသင်းအဖွဲ့တခု၊ အုပ်စုတခု ကောင်းဖို့သာဖြစ်ပြီး လယ်သမားတွေအတွက် ကောင်းမွန်တဲ့ ပေါ်လစီမဖြစ်နိုင်ဘူးလို့ စိုက်ပျိုးရေးသုတေသီတဦးက သုံးသပ်လိုက်ပါတယ်။

လာမည့် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံစိုက်ပျိုးပြီးချိန် ဆီဖူလုံမှု အပြည့်အဝ ရရှိမယ်လို့ မျှော်မှန်းထားတဲ့ အပြင် စပါး ၁ ဧက အထွက်နှုန်းကလည်း ပျမ်းမျှ ၅ တင်းနှုန်း ပိုမိုထွက်ရှိပါက စပါးတင်းသန်းပေါင်း ၉၀ ခန့် ပိုမိုရရှိလာမယ်လို့ မျှော်မှန်းထားကြောင်း အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်က မနေ့က ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

အကြမ်းဖက်စစ်ခေါင်းဆောင်က မိမိတို့ နိုင်ငံတွင် ဆီအုန်းစိုက်ဧက က ၄ သိန်းခန့် သာရှိတာကြောင့်  အိမ်နီးချင်း နိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ဆီအုန်း အထွက်နှုန်းက အလွန်နည်းနေသေးတဲ့အတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုဟာ နိုင်ငံတကာနှင့်ယှဉ်ပါက နည်းနေသေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာဆိုရင်လည်း စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံမျိုးစေ့ထုတ် လုပ်ငန်း အပါအဝင် ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ စားသုံးဆီ အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်တဲ့ လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီ့အတွက် အဆိုပါလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ စစ်ကောင်စီက ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီ တရပ်ကို ဖွဲ့စည်းပေးထားတဲ့အပြင် တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ နေကြာသီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ဧက ၁ သန်းခွဲ စိုက်ပျိုးသွားဖို့ စီမံချက်ထဲ ထည့်သွင်းရေးဆွဲထားတာ ရှိပါတယ်။

ဒါ့ကြောင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို သေသေချာချာ ထိထိရောက်ရောက် ဆောင်ရွက်မည်ဆိုပါက လာမည့် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံစိုက်ပျိုးပြီးချိန်တွင် ဆီဖူလုံမှု အပြည့်အဝ ရရှိလာနိုင်လိမ့်မည်ဟု မျှော်မှန်းထား တဲ့ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင်က ရှင်းလင်းပြောဆိုခဲ့တာပါ။

စစ်ကောင်စီက ဆောင်ရွက်မယ့် စီမံချက်အပေါ် စိုက်ပျိုးရေးသုတေသီတဦးက “ကျနော်တို့ဆီမှာ အသင်းအဖွဲ့တွေ ဖွဲ့ထားတာ ရှိတယ်နော်။ ဥပမာ ဆန်စပါးအသင်းပဲ ထားပါတော့။ အသင်းတွေက လယ်သမားတွေဆီက ဈေးချိုချိုနဲ့ ပြောရရင်ဗျာ။ ကြားထဲမှာ ကုန်သည်ပွဲစားတွေလည်း ပါသလို တိုက်ရိုက်ဝယ်တာတွေ လည်း ရှိတာပေါ့။ ဒီတော့ စပါးပဲဖြစ်ဖြစ်၊ ပဲ ပဲဖြစ်ဖြစ် တကယ် ချမ်းသာတာက ကုန်သည်တွေပဲ ချမ်းသာတာလေ။ လယ်သမားတွေက ချမ်းသာလာတာ မဟုတ်ဘူး။ ဒါမျိုးတွေက ပေါ်လစီ မှားလို့ပေါ့ဗျာ။ ပြောချင်တာက ဒီဟာက အသင်းအဖွဲ့တခု အုပ်စုတခု တည်းအတွက်သာ ဖြစ်နေတယ်၊ လယ်သမားတွေအတွက် မဖြစ်ဘူးဆိုရင် ဒီပေါ်လစီက မအောင်မြင်နိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးဆီ လိုအပ်ချက်က တနှစ်ကို တန်ချိန် ၁၃ သိန်းလောက် ရှိတဲ့အနက် ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် ၄ သိန်းခန့်သာရှိတာကြောင့် လိုအပ်တဲ့ တန်ချိန် ၈ သိန်းကနေ ၁၀ သိန်း ဝန်းကျင်အား ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရပါတယ်။ ဒီပမာဏက တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိနေတာပါ။

ဒါကြောင့်ပဲ စစ်ကောင်စီက နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချနိုင်ဖို့အတွက် ပြည်တွင်းမှာ ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ပျိုး ဖို့ လုပ်ဆောင်နေတာပါ။ 

တဖက်မှာလည်း စစ်ကောင်စီက နိုင်ငံခြားငွေကြေး ရရှိဖို့အတွက် စပါးအထွက်နှုန်းကို ၁ ဧက ပျမ်းမျှ ၅တင်း နှုန်းနဲ့ ပိုမို ထွက်ရှိလာအောင် ဆောင်ရွက်ကြဖို့ မျှော်လင့်နေပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ မိုးစပါး စိုက်ဧက ၁၅ သန်း နဲ့ နွေစပါး စိုက်ဧက ၃ သန်း ခန့်ရှိတဲ့အနက် မိုးစပါးက ၁ ဧက ၇၅ တင်းခန့် ထွက်ပြီး နွေစပါး က ၁ ဧက တင်း ၉၀ခန့် ထွက်ရှိပေမယ့် ပြည်ပပို့တဲ့ ဆန် နဲ့ လက်ကျန်ရှိတဲ့ ဆန်ပမာဏဟာ ရာသီအလိုက် ချိန်ဆကြည့်တဲ့အခါ အလျှံပယ် ပိုလျှံတာ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ပထမအဆင့်အနေဖြင့် မိုးစပါး ၁ ဧက ပျမ်းမျှ တင်း ၈၀ ခန့် ထွက်ရှိပါက ယခင်ပမာဏထက် စပါးတင်းပေါင်း ၇၅ သန်းခန့် ပိုမိုရရှိလာမှာဖြစ်တဲ့အပြင် နွေးစပါးကလည်း ၁ ဧက ပျမ်းမျှ ၉၅ တင်းခန့် ထွက်ရှိပါက ယခင်ပမာဏထက် စပါး တင်းပေါင်း ၁၅ သန်းခန့် ပိုမိုရရှိမှာဖြစ်လို့ နွေနဲ့မိုး စိုက်ဧက ၂ ခုပေါင်းမှ စုစုပေါင်း စပါးတင်း သန်းပေါင်း ၉၀ ခန့် ပိုမိုရရှိလာ ဖို့ မျှော်လင့်ထားတာပါ။

စပါး ၁ဧက အထွက်နှုန်းနဲ့ပတ်သတ်ပြီး စိုက်ပျိုးရေးပညာရှင်တဦးကလည်း “သဘောကတော့ မြေကောင်းရင် အထွက် ကောင်းတယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့က အထွက်မကောင်းရင် ဘာကြောင့် အထွက်မကောင်းရတာလဲ။ အထွက်ကောင်း အောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို စိုက်ပျိုးရေးဝန်ကြီးဌာနက ပေါ်လစီတွေ ချပေးဖို့ လိုတယ်နော်။ ဂျပန်အစိုးရ ကတော့ အဲ့လို လုပ်ပေးတာတွေ့ရတယ်။ နောက်တချက်က သမဝါယမနဲ့ လုပ်လို့ရတဲ့ဟာဆိုရင် သမဝါယမကို အားပေးပေါ့။ နောက်ဆုံး အရေးကြီးတာက ထွက်လာတဲ့ ထွက်ကုန်တွေကို နိုင်ငံတော်က ဦးဆောင်ပြီး ရောင်းပေးသင့်တယ်။ ဘာကြောင့် လဲဆိုတော့ ကျနော်တို့က တရုတ်နဲ့ ပဲဖြစ်ဖြစ်၊ အိန္ဒိယနဲ့ ပဲဖြစ်ဖြစ် သူတို့နဲ့ အရောင်းအဝယ်လုပ်တဲ့အခါ သူတို့ စိတ်မကြိုက်တဲ့ အခါ ပိတ်လိုက် တာမျိုးတွေ မဖြစ်ရအောင် နိုင်ငံတော်က လုပ်ပေးရမယ်။ ဒါကိုတော့ ပေါ်လစီနဲ့ လုပ်ပေးဖို့ လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ ထုတ်ပြန်တဲ့ကိန်းဂဏန်းအချက်အလက်တွေအရ လအလိုက် ဆန်နဲ့ဆန်ကွဲတင်ပို့မှုက ဧပြီလမှာ မက်ထရစ်တန်ချိန် ၂ ဒသမ ၅ သိန်း၊ မေလမှာ ၁ ဒသမ ၅၃ သိန်း၊ ဇွန်လမှာ ၁ ဒသမ ၄၆ သိန်း၊ ဇူလှိုင်လမှာ ၁ ဒသမ ၈၂ သိန်း တင်ပို့ခဲ့ပြီး တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေအနေဖြင့် ဧပြီလမှာ အမေရိကန်ဒေါ်လာ ၈၂ သန်း၊ မေလမှာ ကန်ဒေါ်လာ ၅၁ သန်း၊ ဇွန်လမှာ ကန်ဒေါ်လာ ၅၀ သန်း၊ ဇူလှိုင်လမှာ ကန်ဒေါ်လာ ၆၆ သန်း ရရှိထားပါတယ်။

ဒါပေမဲ့ စိုးရိမ်စရာက စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုတွေကြာင့် နိုင်ငံအတွင်းမှာ တည်ငြိမ်မှုမရှိတာကြောင့် လယ်ယာလုပ်ကိုင်နေသူတွေဟာ လယ်ယာမြေကို စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရတဲ့အတွက် လာမည့်နှစ်မှာ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအပေါ် ကြီးစွာသော သက်ရောက်မှု ရှိလာနိုင်တဲ့ အချက်ပါ။

ဒါကြောင့်ပဲ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)က မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ သန်း ရှိတဲ့အနက် ထက်ဝက်ခန့်ဟာ ဒီနှစ်အစပိုင်းမှစလို့ ဆင်းရဲငတ်မွတ်တဲ့ဘေးနဲ့ ကြုံရလိမ့်မယ်လို့ သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024