Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၂ ဦးသေဆုံး
DVB
·
August 9, 2022

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ သြဂုတ် ၈ ရက်က စစ်ကောင်စီတပ်ကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းအကြိမ်ကြိမ်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ၃၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က သြဂုတ် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်အင်အား ၅၀ ခန့်ဟာ ချောင်းဦး-အမြင့်လမ်းခွဲ အနောက်ဘက် သမန္တကြေးနီတံတားဆီကို သြဂုတ် ၈ ရက် မနက် ၂ နာရီကျော်လောက် ချောင်းဦးမြို့မှ Jammer တပ် သံပြားကာကားကြီး ၂ စီးနဲ့ ရောက်ရှိလာခဲ့ပါတယ်။

အဆိုပါ ချောင်းဦး-အမြင့်လမ်းခွဲ အနောက်ဘက် သမန္တကြေးနီတံတားဆီကို သြဂုတ် ၈ ရက် မနက် ၆ နာရီကျော်လောက်မှာလည်း FAW ကားအဖြူတစီးနဲ့ ၂ ကြိမ်၊ အိမ်စီးကားအဖြူ ၁ စီး၊ ဆိုင်ကယ်တွေနဲ့ စစ်ကောင်စီအင်အား ၇၀ လောက် ထပ်မံရောက်ရှိလာတယ်လို့ CHUPDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ချောင်းဦး-အမြင့်လမ်းခွဲ အနောက်ဘက် သမန္တကြေးနီတံတားဆီကို ရောက်ရှိလာကြတဲ့ စစ်ကောင်စီအင်အား ၁၂၀ ခန့်ဟာ ချောင်းဦး-အမြင့်လမ်းရဲ့ တောင်ဘက်မှ ဖြန့်ခွဲကာ ပေါက်ပင်ရွာ အရှေ့ဘက် ဝက်တိုးကွင်းနဲ့ ငအိုးကြီးကွင်းဘက်ကို ဝင်ရောက်လာခဲ့ကာ ငအိုးကြီးကွင်းရှိ လယ်စောင့်တဲတလုံးနဲ့ ပြည်သူ့နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် ပေါက်ပင်ရွာနဲ့ ရှမ်းထူးကျေးရွာ မြောက်ပိုင်းကို ဖြတ်ကာ ကင်မွန်းတော် ပျူစောထီးရွာကို မနက် ၁၀ နာရီကျော်မှာ ရောက်ရှိခဲ့ကြပြီး နောက်ချန်အင်အားတွေကတော့ နတ်တိုင်ကျောင်း အနောက်ဘက်ကြောရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လက်လုပ်မိုင်းတွေကို Jammer တွေနဲ့ဖြုတ်ယူကျန်ရစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ချောင်းဦးမြို့မှ ကင်းမွန်းတော် ပျူစောထီးရွာအထိ CHUPDF တပ်ခွဲ ၄ ရဲ့ မိုင်းဆွဲတိုက်ခိုက်မှု ၃ ကြိမ်၊ တပ်ခွဲ ၂ ရဲ့ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်မှု ၂ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆) ကြိမ်၊ CHUPDF ရွေ့လျားတပ်စိတ်နဲ့ ထိတွေ့မှု ၁ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ နေ့လယ် ၂ နာရီခွဲကျော် ကင်မွန်းတော်ကျေးရွာမှ ပြန်လည်ထွက်ခွာပြီး ရှမ်းထူးကျေးရွာနဲ့ ပေါက်ပင်ကျေးရွာ မြောက်ပိုင်းကို ထပ်မံကျော်ဖြတ်ကာ ချောင်းဦး-အမြင့်လမ်းခွဲရဲ့ အနောက်ဘက် ပြည်တော်သာရိုးကို ညနေ ၆ နာရီလောက်  ပြန်လည်ရောက်ရှိကြတယ်လို့ သိရပါတယ်။

အပြန်စစ်ကြောင်းကို CHUPDF တပ်ခွဲ ၄ ရဲ့ မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ်၊ တပ်ခွဲ ၂ ရဲ့ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်မှု ၁ ကြိမ် ခံခဲ့ရပြီး အဆိုပါစစ်ကြောင်းကို လိုက်ပါပို့ဆောင်ပြီး ပြန်လာတဲ့ ကင်မွန်းတော်၊ ကံဇီး ပျူစောထီးအုပ်ကို ကင်မွန်းတော်ရွာအထွက်မှာ CHUPDF တပ်ခွဲ ၂ က မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းအကြိမ်ကြိမ် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တပ်ဆင်ထားတဲ့ ဒေသန္တ ရလက်လုပ်မိုင်း ၁၆ လုံး ဖော်ယူခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ချောင်းဦးမြို့နယ်နဲ့ CHUPDF မှ ရဲဘော်တွေ ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024