စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဆိုင်ကယ်နဲ့ ညကင်းပတ်လှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သြဂုတ် ၇ ရက် ည ၉ နာရီ ၂၀ လောက်မှာ ငါးရှန်ကျေးရွာဘက်မှ ဆိုင်ကယ် ၅ စီးနဲ့ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို နတ်ရေကန်ရွာအကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်း ၈ လုံးတွဲနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး နေရာမှာတင် သေဆုံးခဲ့ပြီး စီးလာတဲ့ ဆိုင်ကယ်နှစ်စီးပါ ပျက်စီးသွားကြောင်း MBTT အဖွဲ့က ထုတ်ပြန်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုမှာ ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုး ပြောက်ကျားအထူးတပ်ဖွဲ့ (B.N.T)၊ လျှပ်တပြက်စွန်ညို၊ ဒီမိုသိန်းငှက် ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။