ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပ.လ.န ကျေးရွာမှာရှိတဲ့ အမှတ် ၃ နယ်မြေရဲစခန်းရှေ့က ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေက တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလန အမှတ် ၃ ရဲစခန်းမှာ သြဂုတ် ၆ ရက် မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီးနောက် လမ်းသွားလမ်းလာ ပြည်သူတွေကို တင်းကျပ်စွာ စစ်ဆေးနေတာလို့ ဆိုပါတယ်။
ပလနကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတဦးက “ရဲစခန်း အပစ်ခံရပြီးနောက်ပိုင်း အဲ့ရှေ့က ဖြတ်သွားတဲ့ ယာဉ်တွေကို အတော်စစ်တယ်။ ကားဆိုရင် နောက်ဖုံးဖွင့်ပြရတယ်။ ဆိုင်ကယ်ဆိုရင် ဖင်ထိုင်ခုံဖွင့်ပြရတယ်။ အသွားအပြန်စစ်တယ်။ ကုန်ပစ္စည်းဝယ်တဲ့ ခြင်းတွေကိုလည်း စစ်တော့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ကျနော်တွေ့ရသလောက်ဆို ဆိုင်ကယ်စီး လူငယ်တွေကို ပိုစစ်တယ်” လို့ ပြောပါတယ်။
အမှတ် ၃ နယ်မြေ ရဲစခန်းရှေ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းမကြီးကနေ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေထဲက လူငယ်အမျိုးသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက လက်နက်ကိုင်ဆောင်ပြီး ပိုမိုတင်းကျပ်စွာ စစ်ဆေးနေတာပါ။
မြစ်ကြီးနားမြို့အတွင်းမှာလည်း ညပိုင်းသွားလာတဲ့ မော်တော်ယာဉ်တွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ် လက်နက်ကိုင်အဖွဲ့တွေက စစ်ဆေးရှာဖွေမှုတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်နေပါတယ်။