Live
Home
ဆောင်းပါး
နဂါးကို တုတ်နဲ့ ထိုးခြင်း
DVB
·
August 9, 2022

ခု တရုတ်-ထိုင်ဝမ် ပြဿနာဖြစ်လာတော့ ၂၀၀၂ ခုနှစ်က ဟာဝိုင်ယီတက္ကသိုလ် East-West Center မှာဆုံခဲ့တဲ့ မစ္စတာလင်းမ်ကို သတိရမိတယ်။ ခရီးစဉ်ကာလအတွင်း ညစာစားပွဲတစ်ခုမှာ စကားတွေပြောဖြစ်ကြတော့ တရုတ်နိုင်ငံအကြောင်း ရောက်သွားတယ်။ သူက east-west center ကို ထိုင်ဝမ်က သင်တန်းသားတစ်ဦးအနေနဲ့ ရောက်လာတာ။ စကားတွေပြောဖြစ်ကြရင်း သူက အခု တရုတ်နိုင်ငံကြီးတစ်ခုလုံးဟာ သူတို့ရဲ့ နိုင်ငံပါပဲလို့ ပြောပါတယ်။ ထူးထူးခြားခြား ဒီသင်တန်းသားတွေထဲမှာ တရုတ်နိုင်ငံ ကိုယ်စားပြုလာတက်တဲ့ မစ္စတာချန်း ဆိုတဲ့ တစ်ယောက်လည်း ပါတယ်။ သူက တရုတ်နိုင်ငံ ချန်ဒူးမြို့က လာခဲ့တာ။ တရုတ်ပြည်က လာတယ်ဆိုပေမယ့် ထူးခြားစွာပဲ မစ္စတာချန်းက အင်္ဂလိပ်စကား တော်တော်ကောင်းတာ တွေ့ရတယ်။ ထိုင်ဝမ်သား မစ္စတာလင်းမ်က တရုတ်နိုင်ငံကြီးတစ်ခုလုံး သမိုင်းကြောင်းအရ သူတို့ပိုင်ပါတယ်လို့ ပြောလိုက်တဲ့အခါ မစ္စတာချန်း က သဘောမကျဘူး။ သူတို့ချင်း အကြီးအကျယ် အငြင်းအခုန် မဖြစ်ကြပေမယ့် မတူတဲ့ တရုတ်နိုင်ငံ နေရာ နှစ်ခုက လာတဲ့သူနှစ်ဦးရဲ့သဘောထားကို ကိုယ်တိုင်သိခွင့်ရလိုက်တယ်။ 

ဟိုချိန်တုန်းက မစ္စတာလင်မ်းက ဒစ်ဂျစ်တယ် ကင်မရာတစ်လုံး ပါလာတယ်။ ကိုယ်တွေက ဖလင်ကင်မရာလောက်ပဲ သုံးနေသေးတဲ့အချိန်။ လင်းမ်က သူ့ကင်မရာက ဓါတ်ပုံတွေ အများကြီးရိုက်ပြီး ကွန်ပျူတာထဲ ထည့်ထားလို့ရတဲ့အကြောင်း ပြောတယ်။ ကိုယ်တွေက အဲဒီအချိန်ထိ ဒစ်ဂျစ်တယ်ကင်မရာ မသုံးဖူးသေးဘူး။ 

အခု အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပယ်လိုစီ ထိုင်ဝမ်ကို တစ်ရက်ခရီး သွားရောက်အပြီးမှာတော့ အားလုံးသိကြတဲ့အတိုင်း တရုတ်-အမေရိကန်ဆက်ဆံရေးက တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်သွားပါပြီ။ ဒီရက်အတွင်းမှာပဲ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ အဓိကကျတဲ့ စစ်ရေး၊ သံတမန်ရေးအပြင် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး စတဲ့ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရုပ်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။  

တရုတ်ရဲ့ ထိုင်ဝမ်ပိုင်နက်နယ်မြေကို ချိုးဖောက်သွားရောက်ခဲ့တဲ့ နန်စီပယ်လိုစီနဲ့ မိသားစုအပေါ် ပိတ်ဆို့အရေးယူမှုအပါအဝင် တရုတ်-အမေရိကန် ကာကွယ်ရေးအရာရှိကြီးများ တွေ့ဆုံဆွေးနွေးမှု၊ တရားမဝင် ဝင်ရောက်လာသူများ ပြန်လည်စေလွှတ်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံတကာရာဇဝတ်မှု စုံစမ်းရေးကိစ္စအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာပါတယ်။ 

ခုလို ပူးပေါင်းဆောင်ရွက်မှုတွေ ရုပ်သိမ်းလိုက်ရတာဟာ နန်စီပယ်လိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့်ဖြစ်ပြီး ဒီခရီးစဉ်ဟာ တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့ကြားက တရုတ်အစိုးရအပေါ် အလေးမထားတဲ့ အပြုအမူဖြစ်သလို တရုတ်ကိုလေးစားမှု မရှိတဲ့သဘောပဲလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တယ်။ 

နန်စီရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ " အဆုံးစွန် ရန်စမှု" လို့ တရုတ်ဘက်က ဆိုတယ်။ 

"ဂျော့ဖလွိုက်ကို အနိုင်ကျင့် သတ်ဖြတ်သလိုမျိုး တခြားနိုင်ငံတွေကို အနိုင်ကျင့်ပြီး အမေရိကန်က ကမ္ဘာ့ပုလိပ်ကြီးနေရာဝင်ယူတာမျိုးကိုတော့ ကျမတို့ လက်မခံနိုင်ပါဘူး"လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဟွာချန်းရင်းက သူမရဲ့ တွစ်တာစာမျက်နှာမှာ ဝေဖန်ပြစ်တင်ခဲ့တယ်။ 

နန်စီရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးက အတော်ကြီး ဟ သွားခဲ့ပြီလို့ ဆိုရမယ်။ 

ဒီအဖြစ်အပျက်တွေ ဖြစ်နေချိန် ပြီးခဲ့တဲ့အပတ်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလစ်ကင်ကို လုံးဝစကားမပြောတဲ့အပြင် မျက်နှာချင်းမဆိုင်ချင်လို့ ဝန်ကြီးတွေကို တည်ခင်းတဲ့ ညစာစားပွဲမှာ အစောကြီး ထပြန်သွားခဲ့တယ်။ 

တရုတ်-အမေရိကန်ဆက်ဆံရေးဟာ ခုချိန်မှာ အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်တွေတုန်းကတေ့ာ စူပါ ပါဝါနေရာမှာ ရှိပြီးသား အမေရိကန်အနေနဲ့ စူပါပါဝါဖြစ်ဖို့ တာစူလာနေတဲ့ တရုတ်နဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံမှုတွေမှာ အလိုက်သင့်ပူးပေါင်းရင်း နိုင်ငံရေးအယူအဆမတူတာတွေကို မှေးမှိန်ထားနိုင်ခဲ့တယ်။ ခုနောက်ပိုင်း တရုတ်ဟာ ကမ္ဘာ့စက်ရုံကြီးဖြစ်လာပြီး global supply chains ဖြစ်လာတော့ ပြည်တွင်းမှာ အာဏာရှင် ပိုဆန်လာသလို ပြည်ပမှာ ပိုပြီး ဝင်ပါလာတာတွေ့ရတယ်။ 

တကယ်တော့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ တစ်ဦး ထိုင်ဝမ်ကို လာတယ်ဆိုတာ ခုမှ မဟုတ်ပါဘူး။ ၁၉၉၇ ခုနှစ်ကလည်း အောက်လွှတ်တော်ဥက္ကဋ္ဌ နူးဝက် ဂျင်းဂရစ်ချ် လာခဲ့ဖူးပါတယ်။ ဟိုတုန်းက ခုလောက်ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ 

ခုတော့ နန်စီရဲ့ ခရီးစဉ်ဟာ တရုတ်တို့ရဲ့ ဒုံးပျံတွေ ထိုင်ဝမ်ပြည်သူတွေရဲ့ ခေါင်းပေါ် ကျော်ပြီး ပစ်ပြတဲ့ တုံ့ပြန်မှုမျိုးနဲ့ ရင်ဆိုင်ရပါပြီ။ 

တရုတ်တို့အနေနဲ့ ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲလို့ လက်ခံထားသလို ထိုင်ဝမ်ပြည်သူတွေကို ပြန်လည်ပေါင်းစည်းရေး စည်းရုံးသိမ်းသွင်းမှုမျိုးနဲ့ ပြန်လက်ခံလာအောင်ကြိုးပမ်းနေတာဖြစ်တယ်။ အမေရိကန်ကလည်း တရုတ် တစ်နိုင်ငံတည်းမူဝါဒ ကို လက်ခံပြီး တရုတ်ကို အသိအမှတ်ပြုထားပေမယ့် ထိုင်ဝမ်ကိုလည်း အကာအကွယ်ပေးရမယ်လို့ ခံယူထားတယ်။ အမေရိကန်နဲ့ ထိုင်ဝမ်ကြား အားကောင်းတဲ့ ဆက်ဆံရေးရှိသလို ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချပေးနေခဲ့တယ်။ 

ခုချိန်မှာ တရုတ်ဟာ ထိုင်ဝမ်ပတ်လည်မှာ အကြီးအကျယ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ စစ်လေယာဉ် ၁၀၀ ကျော်နဲ့ စစ်သင်္ဘော ၁၀ စင်း တို့ဟာ ထိုင်ဝမ်ရေလက်ကြားမှာ ကျည်အစစ်တွေသုံးပြီး လေ့ကျင့်နေလို့ နိုင်ငံတကာရေကြောင်း လေကြောင်းခရီးစဉ်တွေ ထိုင်ဝမ်ကို ရှောင်ကွင်းသွားလာနေရတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလစ်ကင်ကတော့ ခုလို နှစ်ဖက်တင်းမာမှုတိုးပွားစေနိုင်တဲ့ ကြောင်းကျိုးမဲ့ စစ်ရေးလေ့ကျင့်မှုဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြောဆိုလိုက်သလို ဝါရှင်တန်မှာ ရှိတဲ့ တရုတ် သံအမတ်ကြီးကိုလည်း ခေါ်ယူ သတိပေးတာတွေ ပြုလုပ်ခဲ့တယ်။ 

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာဆက်သွယ်ရေး ညှိနိုင်းရေးမှူး ဂျွန်ကာဘီ ကတော့ အမေရိကန်တွေအနေနဲ့ တရုတ်ရွေးချယ်တဲ့ လမ်းအတွက် အသင့်အနေအထားမှာ ရှိနေပြီး ပြဿနာမရှာချင်သလို ပြဿနာလည်း မလိုချင်ဘူးလို့ ပြောလိုက်ပါတယ်။  

ခုလို ထိုင်ဝမ်ပင်လယ်မှာ တရုတ်တွေ စစ်ရေးလေ့ကျင့်နေတော့ ထိုင်ဝမ်မြောက်ပိုင်းက ဘီရှာယု ကမ်းခြေမြို့က ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးသူ ထိုင်ဝမ်သားတချို့ ပင်လယ်ထဲထွက်ခွင့်မရကြဘူး။ " နိုင်ငံရေးသမားတွေ ချကြပြီဆို ကျုပ်တို့က ကြားက ခံရတာချည်းပါပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲဗျာ ပင်လယ်ထဲထွက်ရင် အန္တရာယ်ရှိတော့ မထွက်ဘဲနေရုံပေါ့" လို့ ငါးဖမ်းလုပ်သားတဦးက ပြောတယ်။

ထိုင်ဝမ်ပြည်သူအတော်များများကတော့ တရုတ်က ထိုင်ဝမ်ကို တကယ်ဝင်တိုက်မယ်လို့ မယုံကြည်ကြဘူး။ "သူတို့ဟာ ဂိုဏ်းစတားတွေပါ၊ ဒီကွန်မြူနစ်တွေက စကားလုံး အကြီးကြီးပြောတယ်။ ဒါပေမဲ့ သူတို့ ဘာမှ တကယ်မလုပ်ရဲဘူး။ ကျုပ်တို့ သူတို့ရဲ့ ခြိမ်းခြောက်မှုအောက်မှာ နေလာတာ နှစ်ပေါင်း ၇၀  ရှိနေပြီ" လို့ ဒေသခံတစ်ဦးက ဆိုတယ်။ 

ထိုင်ဝမ်က တရုတ် အရှေ့တောင်ပိုင်း ကမ်းခြေကနေ မိုင် ၁၀၀ ပဲ ဝေးတဲ့ ကျွန်းကြီးတစ်ခုပါ။ တရုတ်က ထိုင်ဝမ်ဟာ သူ့နိုင်ငံကြီးထဲက ပဲ့ထွက်နေတဲ့ပြည်နယ်တစ်ခုအဖြစ် သဘောထားတယ်။ ထိုင်ဝမ်ကတော့ သူတို့ဟာ တရုတ်ပြည်မကြီးနဲ့ သီးခြားဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်၊ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကိုယ်ပိုင် တပ်မတော်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ သမ္မတ ရှိတဲ့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ခံယူတယ်။ ကမ္ဘာ့နိုင်ငံအများစုက တရုတ်နိုင်ငံကိုသာ တရားဝင်အသိအမှတ်ပြုကြပြီး ထိုင်ဝမ်ကို နိုင်ငံအဖြစ်လက်ခံတဲ့ ကမ္ဘာ့နိုင်ငံ ၁၃ နိုင်ငံသာ ရှိတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ တစ်နေ့နေ့တချိန်ချိန်မှာ ထိုင်ဝမ်ဟာ တရုတ်နဲ့ ပြန်ပေါင်းထုတ်ရမယ်လို့ ရည်မှန်းထားသလို စစ်ရေးအရ ဝင်ရောက်မသိမ်းပိုက်ဘူးလို့လည်း ယတိပြတ်မဆိုထားဘူး။ 

သမိုင်းကြောင်းအရတော့ ထိုင်ဝမ်ဟာ ၁၇  ရာစု၊ ချင်မင်းဆက် လက်ထက်ကတည်းက တရုတ်လက်အောက်ကို ကျရောက်ခဲ့ပြီး ၁၈၉၅ ခုနှစ် ပထမ တရုတ်-ဂျပန်စစ်ပွဲမှာ ဂျပန်ကို စစ်ရှုံးလို့ ဂျပန်ကို ပေးလိုက်ရတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်တွေ စစ်ရှုံးတော့ တရုတ်တွေက ပြန်ယူခဲ့တယ်။ တရုတ်ပြည်မှာ ချန်ကေရှိတ် ဦးဆောင်တဲ့ မျိုးချစ်အစိုးရတပ်နဲ့ မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တွေ ပြည်တွင်းစစ်ကြီးဖြစ်ကြတော့ ၁၉၄၉ ခုနှစ်မှာ မော်စီတုန်းရဲ့ကွန်မြူနစ်တွေ အောင်ပွဲခံပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ကြောင်း ကြေညာခဲ့တယ်။ 

စစ်ရှုံးသွားတဲ့ ချန်ကေရှိတ်နဲ့ သူ့ရဲ့ ကူမင်တန် မျိုးချစ်ပါတီဟာ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးခဲ့ရပြီး နောက်ပိုင်းဆယ်စုနှစ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ သီးခြားလွတ်လပ်တဲ့ ထိုင်ဝမ်ကို အစဉ်အတိုင်း ဒီနေ့အထိ အုပ်ချုပ်လာခဲ့ကြတာဖြစ်တယ်။ 

ပြီးခဲ့တဲ့ သမိုင်းကြောင်းအရ တရုတ်က ထိုင်ဝမ်ရဲ့ တည်ရှိမှုကို လက်မခံသလို ထိုင်ဝမ်ကလည်း လက်ရှိတရုတ်နိုင်ငံတစ်ခုလုံးဟာ သူတို့ နိုင်ငံပဲလို့ သဘေားထားတယ်။ 

အမေရိကန်ဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံပြီး တရုတ်နိုင်ငံကြီးကို အသိအမှတ်ပြုထားပေမယ့် ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနဲ့ အချုပ်အခြာတည်ရှိမှုကို အကာအကွယ်ပေးရမယ်ဆိုတဲ့ ကတိကဝတ် ရှိထားတယ်။ ထိုင်ဝမ်နဲ့ အမေရိကန်က ခိုင်မာတဲ့ ဆက်ဆံရေးရှိသလို ထိုင်ဝမ်အတွက် လိုအပ်တဲ့ လက်နက်တွေကို ရောင်းချပေးနေခဲ့တယ်။ 

လက်ရှိ ထိုင်ဝမ်ဟာ ကမ္ဘာမှာ လက်ကိုင်ဖုန်း၊ ကွန်ပျူတာလက်ပ်တော့ အပါအဝင် အီလက်ထရွန်းနစ်ပစ္စည်းများရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ ကွန်ပျူတာ ချစ်ပ်စ် အများဆုံး ထုတ်လုပ်နေတယ်။ ကမ္ဘာ့ဈေးကွက်ရဲ့ လိုအပ်ချက်ထက်ဝက်ကို ထိုင်ဝမ် ချစ်ပ်စ် ထုတ်လုပ်ရေး ကုမ္ပဏီ TSMC က ထုတ်လုပ်ပေးနေလို့ တကယ်သာ စစ်ဖြစ်ခဲ့ရင် ကွန်ပျူတာချစ်ပ်စ် ဈေးကွက် ပျက်သွားပြီး အမေရိကန်တွေအတွက် အများကြီးထိခိုက်သွားနိုင်တယ်။ 

စစ်တမ်းတွေအရတော့ ထိုင်ဝမ်ပြည်သူ ထက်ဝက်ကျော်က တရုတ်ဟာ ထိုင်ဝမ်ကို စစ်ရေးအရ ကျူးကျော်လာလိမ့်မယ်လို့ မထင်ကြဘူး။ လတ်တလော အခြေအနေမှာတော့ နန်စီပယ်လိုစီရဲ့ ခဏတဖြုတ် ထိုင်ဝမ်ခရီးစဉ်ကို အကြောင်းပြုလို့ အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေးဟာ သူစိမ်းပြင်ပြင် အခြေအနေကို ရောက်ရှိသွားပြီလို့ ဆိုရမယ်။ 

ပြင်သစ် စစ်ဘုရင်ကြီး နပိုလီယန်ဘိုနာပတ်ရဲ့ ထင်ရှားတဲ့ စကားတစ်ခွန်းရှိပါတယ်။ " အိပ်ပျော်​​နေတဲ့ နဂါးကြီးကို မနှိုးလိုက်ကြပါနဲ့" တဲ့။  " Let dragon sleep, for when she wakes, she will shake the world." 

ချစ်ဝင်းမောင်

Ref: China halts co-operation with US on key issues.

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024