စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာနဲ့ ဆူးတပ်ကျေးရွာတို့ကို ဩဂုတ် ၈ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးကာ ဝင်ရောက်မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မူးကမ်းကြီးကျေးရွာကို စစ်ကြောင်း ၄ ကြောင်းခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး နေအိမ်တွေကို မီးရှို့နေတာကြောင့် ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ကျေးရွာဒေသခံတဦးက “တိုက်ပွဲဖြစ်တာမရှိဘဲ ရွာကို လက်နက်ကြီးတွေနဲ့ အရင်စပစ်ပြီး ဝင်လာတာ။ ရွာထဲမှာလည်း သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေ ကြားရတယ်။ ကျနော်တို့ မိသားစုလည်း ဘာပစ္စည်းမှ မသယ်နိုင်ဘူး။ အသက်လုပြေးလာရတာ။ ရွာမှာရှိတဲ့လူတွေလည်း တောထဲပြေးကြရတယ်။ မီးလောင်အိမ်ခြေတော့ မသိရသေးဘူး။ ဘယ်သူမှ ရွာထဲမဝင်ရဲကြသေးဘူး။ တချို့ဆိုရင် မိသားစုဝင်အချင်းချင်းတောင် ရှာမတွေ့ကြသေးဘူး” လို့ ပြောပါတယ်။
မူးကမ်းကြီးကျေးရွာဟာ စပါးစိုက် တောင်သူလုပ်ငန်း အများဆုံးလုပ်ကိုင်ကြပြီး အိမ်ခြေ ၄,၀၀၀ ခန့်ရှိတဲ့ အုပ်စုကျေးရွာကြီးတရွာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မူးကမ်းကြီးကျေးရွာကို မီးရှို့သွားခဲ့ပြီးနောက် တဆက်တည်းမှာပဲ အနီးက ဆူးတပ်ကျေးရွာကိုလည်း အလားတူ မီးရှို့သွားတယ်လို့ သိရပါတယ်။
မူးကမ်းကြီးနဲ့ ဆူးတပ်ကျေးရွာတွေဟာ အခုမီးရှို့ဖျက်ဆီးခံရတာဆိုရင် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းဝင်ကာ ပထမအကြိမ် မီးရှို့စဉ်အခါက မူးကမ်းကြီးကျေးရွာမှာ နေအိမ် ၇၅ လုံး၊ ဆူးတပ်ကျေးရွာမှာ နေအိမ် ၉၃ လုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ အပါအဝင် စပါးတင်းရေသောင်းနဲ့ချီ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။