ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမနီနိုင်ငံ ၀န်ကြီးချုပ်တို့ တွေ့ဆုံ

1.1K
ဂျာမနီနိုင်ငံ ၀န်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က မြန်မာအတိုက်အခံ ခေါင်းဆောင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က လက်ခံ တွေ့ဆုံပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကောမှူးမြို့နယ် ပြည်သူလွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီနိုင်ငံ ဘာလင်မှာ ၃ ရက်ကြာ ခရီးစဉ်အနေနဲ့ ရောက်နေတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရုံးမှာ ဆွေးနွေးပွဲမစခင်မှာ ၀န်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ သံဓိဌာန်ကို ချီးကျူးစကားပြောပါတယ်။
“ဒီနေ့ ကမ္ဘာမှာ ရှားမှ ရှားတဲ့ ရဲစွမ်းသတ္တိရှင်၊ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် မားမားမတ်မတ်ရပ်တည်နေတဲ့ အမျိုးသမီး ဧည့်သည်တော်နဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မယုံကြည်နိုင်စရာ နေအိမ်အကျယ်ချုပ် ကာလရှည်ကြီးကို ဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် သူရဲ့ ယုံကြည်ချက်တွေနဲ့ တန်ဖိုးထားမှုတွေက ခိုင်မာခဲ့ပါတယ်။”
“အခက်အခဲတွေ ကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲထဲမှာ အရေးကြီးတဲ့ နိုင်ငံရေးအခန်းကဏ္ဍကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆောင်ရွက်နေတာ၊ နိုင်ငံရေးအခြေအနေကို ဖန်တီးနေတာကို ၀မ်းသာပါတယ်။ ဒါကလည်း မြန်မာပြည်သူပြည်သားတွေရဲ့ အခွင့်အရေးနဲ့ ကံကြမ္မာဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အရမ်း အရေးကြီးလို့ ဖြစ်ပါတယ်။ ကျမအနေနဲ့လည်း ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ ဖြစ်ထွန်းတိုးတက်မှု အခြေအနေတွေ၊ ဂျာမနီနိုင်ငံဘက်က ဘယ်လို အကူအညီ၊ အထောက်အပံ့တွေ ပေးနိုင်မလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ဒီနေ့မှာ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအတိုက်အခံဘ၀ကနေ ၂၀၁၂ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ၀င်ပြိုင်ပြီး အနိုင်ရခဲ့တဲ့အချိန်ကစလို့ လွှတ်တော်တွင်း အတိုက်အခံ အဖြစ် ရပ်တည်နေပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အနိုင်ရခဲ့တာကို အစိုးရက အသိအမှတ်မပြုရုံ မက နောက်ပိုင်း နှစ် ၂၀ အတွင်း ၁၅ နှစ်လောက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ချထားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ကို ပထမဆုံးအနေနဲ့ အလည်အပတ် ရောက်နေတာ ဖြစ်ပါတယ်။
“ဘာလင်ဟာ ကျမအတွက်ကတော့ အောင်မြင်တဲ့ ဖွံ့ဖြိုးမှုရဲ့သင်္ကေတဖြစ်ရုံမကပါဘူး။ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုတွေ၊ ပိုပြီး အရေးကြီးတာက စည်းလုံးညီညွတ်မှုရဲ့ အမှတ်လက္ခဏာ လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျမတို့ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရက်တစ် ပြည်ထောင်စု ဖြစ်စေချင်ကြပါတယ်။ ကျမတို့ ကြားမှာ ရှိနေတဲ့ မတူညီမှုတွေ၊ ကြုံရမယ့် အခက်အခဲတွေကို ဖြတ်ကျော်နိုင်တဲ့ အရည်အချင်းတွေ အမြစ်တွယ်ပြီး၊ တိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ သူတွေအားလုံးအတွက် လုံခြုံပြီး လွတ်လပ်တဲ့ နိုင်ငံမျိုးအဖြစ် တည်ဆောက်ချင်ပါတယ်”လို့ ပြောပါတယ်။
ဂျာမနီသမ္မတ ဂျိုချင်းဂတ်နဲ့ ၀န်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က နွေးထွေးပျူငှာစွာ ကြိုဆိုတာကိုလည်း ကျေးဇူးတင်စကား ပြောပါတယ်။
“ဒီနေ့ ကမ္ဘာမှာ လိုအပ်နေတဲ့ အရာက ဒါပါပဲ။ ဒီမိုကရေစီနဲ့ ဒီမိုကရေစီတန်ဖိုးတွေအပေါ် ယုံကြည်တဲ့ ကျမတို့ အားလုံးဟာ နားလည်မှု၊ ရင်းနှီးချစ်ကြည်မှုနဲ့ အတူတကွ ရပ်တည်သင့်တယ်။ ဒါမှသာ ကျမတို့ရဲ့ ကမ္ဘာကြီးမှာ လူသားအချင်းချင်း သွေးရင်းသားရင်း ဆိုတဲ့ နိုင်ငံရေး အနှစ်သာရ တကယ်တည်ရှိနေတယ်လို့ ပြောနိုင်ပါလိမ့်မယ်။”
ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်နဲ့ မတွေ့ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂျာမနီသမ္မတ ဂျိုချင်းဂတ်က ဘာလင်မြို့ သမ္မတအိမ်တော်မှာ လက်ခံ တွေ့ဆုံခဲ့ပါသေးတယ်။
ဂျာမနီသမ္မတဟာ ဖေဖော်ဝါရီလက မြန်မာပြည်ကို အလည်အပတ်လာစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး ၀န်ကြီးချုပ် အိန်ဂျလာ မာကယ်လ်နဲ့ကတော့ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံခရီးစဉ်အတွင်းမှာ ဂျာမနီသမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ၀ီလီဘရန့်ဒ်ဆု (International Willy Brandt Prize) ကို ဂုဏ်ပြုပေးအပ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။
