Home
ဆောင်းပါး
ဓမ္မပါလတရား နှုတ်ဆိတ်နေသောအခါ
DVB
·
August 9, 2022

အဲဒီညက ကျနော် အိပ်မပျော်ခဲ့ဘူး။

မိုးတွေ ရွာလိုက်တာ နေ့ ည မစဲမို့ ထူးခြားတယ်လို့တော့ စိတ်ထဲမှာ တွေးမိပါတယ်။ ထုံးစံအတိုင်းပဲ ဇူလိုင်လဟာ အဆိုးတွေကိုသာ ယူဆောင်လာခဲ့ပါတယ်။

၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဂဠုန်ဦးစောရဲ့ ရက်စက်စွာ လုပ်ကြံမှုကြီးကြောင့် အာဇာနည်ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့ရပါတယ်။  ဦးစောရဲ့ ဉာဏ်တစ်ထွာတစ်မိုက် အမိုက်ဇာတ်မှာ တိုင်းပြည်က အားထားရတဲ့ခေါင်းဆောင်တွေ လုပ်ကြံခံလိုက်ရတယ်။ ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင်မှာ အာဏာရှင်နေဝင်းရဲ့ ခိုင်းစေချက်ကြောင့် ကျောင်းသားသမဂ္ဂအဆောက်အအုံ ဗုံးခွဲခံခဲ့ရသလို ကျောင်းသားလူငယ်တွေရဲ့သွေးတွေ မြေခခဲ့ရတယ်။ 

ဇူလိုင်လဟာ တကယ့်ကို မြန်မာပြည်အတွက် နိမိတ်မကောင်းတဲ့လလို့ ကျနော့်စိတ်ထဲ ခံစားမိပါတယ်။

ဒီနှစ် ဇူလိုင်လမှာလည်း သေဒဏ်ပေးခံရတဲ့ အကျဉ်းသား လေးယောက် ရှိလာခဲ့ပါတယ်။ အဲဒီထဲမှာမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ ပါဝင်နေတဲ့အတွက် မြန်မာနိုင်ငံသားတွေသာမက နိုင်ငံတကာကပါ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ ဒါဟာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို သေဒဏ်ပေးခံရပြီးနောက်ပိုင်း ၄၅ နှစ်ကျော်အတွင်းမှာ ပထမဆုံး ဖြစ်ရပ်ဆိုးပါပဲ။

ဒီလို အကျည်းတန်တဲ့ ဖြစ်ရပ်တွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ မြန်မာပြည်အတွင်းမှာရှိတဲ့ အထင်ကရ ဘာသာရေးခေါင်းဆောင်တွေရဲ့ နှုတ်ပိတ်နေခြင်းကလည်း အကြောင်းရင်းတခု ဖြစ်ပါတယ်။

ဘာသာရေးခေါင်းဆောင် အရာတိုလာခိုမေနီလို  မင်းဆရာတပါး ဖြစ်လိုတဲ့ သီတဂူဆရာတော်ဟာ  စကစခေါင်းဆောင် မင်းအောင်လှိုင် လုပ်သမျှအပေါ် တစုံတရာ သဘောထားမှတ်ချက်ပေးခြင်း မရှိဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။

ကိုဂျင်မီတို့ လေးယောက်ကို သေဒဏ်ပေး ကွပ်မျက်တာကို ထောက်ခံတဲ့ပွဲကို စစ်တပ် ထောက်ခံသူများ ဦးစီးပြီး မြို့တော်ခန်းမအရှေ့မှာ ဇူလိုင် ၂၉ ရက် နေ့လယ်က ပြုလုပ်ခဲ့ပါတယ်။ ဒါတင်မကပဲ သေဒဏ်ပေး ကွပ်မျက်ခံရတဲ့ ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့အိမ်တွေကိုလည်း အဲဒီလူတစုကပဲ အကြမ်းဖက် နှောင့်ယှက်တိုက်ခိုက်ကြပြန်ပါတယ်။

ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံလို့ ကြွေးကြော်ပြီး လူသတ်တာကို အားပေးထောက်ခံနေကြတဲ့ ဖြစ်စဉ်တွေဟာ အကျည်းတန် အရုပ်ဆိုးလှပါတယ်။ တကယ်တော့ တရားမဲ့ လုပ်ရပ်တွေ ရှေ့တိုးပြီး ပိုလုပ်ရဲလာခြင်းဟာ ဘာသာရေးခေါင်းဆောင် ဆိုသူတွေရဲ့ တာဝန်မဲ့ခြင်းနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ ငြိမ်းချမ်းရေးစကားပြောရမယ့် ပါးစပ်တွေက တရားမဲ့ ပြုကျင့်ခြင်းတွေကို အားပေးအားမြှောက် လုပ်နေကြသလို၊ တိတ်ဆိတ်နေသူတွေဟာလည်း သွယ်ဝိုက်သောနည်းနဲ့ ဒါကို ထောက်ခံနေသလို ဖြစ်နေပါတယ်။

ဘာသာရေးခေါင်းဆောင် ဆိုသူတွေဟာ ဘာသာဝင်တိုးပွားရေးအတွက်ပဲ အားစိုက်လာကြပြီး အလှူခံရေးနဲ့ သံသရာအရေးကို ငါ့အရေး လုပ်နေကြသူတွေ များလာတယ်လို့ တွေးမိပါတယ်။ တကယ်တော့ “ဘာသာရေးခေါင်းဆောင် ဆိုသူအချို့က ဓမ္မကို ဖြန့်ဝေတာမဟုတ်ဘဲ ကိုယ်ရည်သွေးပြီး သူတို့ရဲ့ အင်ပါယာကို ချဲ့ထွင်တည်ဆောက်နေကြတာ ဖြစ်ပါတယ်။

ကျနော့်မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားတဦးကတော့ သူ့မိတ်ဆွေ ကိုဂျင်မီ လက်လွတ်စပယ် ကွပ်မျက်ခံလိုက်ရတာနဲ့ပတ်သက်ပြီး အတော်ယူကျုံးမရ ဖြစ်နေခဲ့ပါတယ်။ ဂဠုန်ဦးစောကို ကြိုးပေးခဲ့စဥ်က စီရင်ဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး သူက အသေးစိတ်ပြောပြပါတယ်။ 

“နန်းရင်းဝန်ဟောင်း ဦးစောဟာ သေဒဏ်စီရင်ချက်ချပြီး ထောင်တွင်းဘုရားတစ်ဆူတည်ဖို့ ခွင့်ပြုချက် ရတယ်၊ ဘုရားတည်တယ်။ နှစ်ပတ်အလိုမှာ တွေ့ရတဲ့ ထောင်ဝင်စာမှာ မိသားစုနဲ့ အထူး တွေ့ခွင့်ရတယ်။ နောက်ဆုံးအခွင့်အရေးအနေနဲ့ ဦးစောရဲ့ တောင်းဆိုချက်နဲ့ အဲဒီအချိန်မှာ မြန်မာပြည်မှာ အကျော်ကြားဆုံး လယ်တီဆရာတော်ဘုရားကို ဖူးခွင့် တွေ့ခွင့်ပေးခဲ့တယ်။ သူ့သမီးအတွက် စာတစ်စောင် ပေးခွင့်ရခဲ့တယ်။”

သေဒဏ်ပေးခံရမယ့် မနက်မှာ ဦးစောဟာ စောစောထ ရေချိုး အင်္ကျီအသစ်၊ ရှမ်းဘောင်းဘီ အသစ်ကို ခါးပတ်နဲ့ဝတ်တယ်။ ခေါင်းလိမ်းဆီ ကော့နေအောင်လိမ်းပြီး ခေါင်းဖြီးတယ်။ အခန်းတံခါးဖွင့်ပြီး လာခေါ်တော့ တိုက်ဝန်းထဲက သူ့အမှုတွဲ(တပည့်တွေ) တခြား အကျဥ်းသားတွေကို ပြုံးပြုံးရွှင်ရွင်လိုက်နှုတ်ဆက်တယ်။ 

ပြီးတော့ သူ့ဘုရားမှာ ဘုရားဝတ်ပြုတယ်။ 

ပြီးတော့ တရားသူကြီး ဦးကျော်မြင့်နဲ့ ထောင်ပိုင်တွေ၊ ထောင်အရာရှိတွေ ဝန်ထမ်းတွေကို နှုတ်ဆက်တယ်။ မတွေ့ရတဲ့သူတွေကို နှုတ်ဆက်တဲ့အကြောင်း ပြောလိုက်ပါ ဆိုတာတွေ မှာတယ်။ စိတ်မကောင်းမဖြစ်ဖို့ သူက တရားပြန်ချတယ်။ ကြိုးစင်ပေါ်တက်တော့ ခေါင်းစွပ်အနက် စွပ်ခါနီး ခဏလေး အသက်ဝအောင် ရှူအုံးမယ်။ ငါက မွန်းတတ်တယ်ကွလို့ ရယ်ပြီး ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။ ထောင်ရာဇဝင်မှာ ထူးခြားတဲ့ သေဒဏ်စီရင်မှုတစ်ခုအနေနဲ့  ပြောစမှတ်တွင်ခဲ့ပါတယ်။ 

ကျနော့်မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားက ကိုဂျင်မီ အပါအဝင် လေးယောက် တရားလက်လွတ် သေဒဏ်စီရင်ခံခဲ့ရတာကို နိုင်ငံ့ခေါင်းဆောင်ကြီးများကို လုပ်ကြံခဲ့တဲ့ ဂဠုန်ဦးစောကို စီရင်ပုံနဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ပါတယ်။  

“ဂဠုန်ဦးစောကို စီရင်တာက လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေအရ စီရင်တာ။ အသိပေးမထားဘဲ အိပ်နေတုန်း ဇွတ်နှိုးပြီး လက်လွတ်စပယ် လုပ်ပစ်တာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့သာလုပ်၊ ဂျင်မီဆိုတဲ့ ကောင်က ကြိုးစင်ပေါ် ရောက်ရင်၊ နေအုံး ခဏဆိုပြီး သွေးသစ္စာသီချင်း ဆိုသွားမယ်ဆိုတာ သေချာပေါက်ပဲ။ ကျန် ၃ ယောက်ကိုလည်း အားပေးသွားမှာယုံတယ်။ အခုဟာက စီရင်တာမှ မဟုတ်တာ၊ လူလို အကျဥ်းသားလို စီရင်တာမှ မဟုတ်တာ။ ကြောက်ကြောက်လန့်လန့်နဲ့ ခိုးကြောင်ခိုးဝှက် သတ်ပစ်တာကိုး။”

အင်္ဂလိပ်အစိုးရက ဆရာစံကို ကြိုးပေးသတ်ခဲ့ပေမယ့် ဆရာစံ မသေခဲ့ပါဘူး။ ခုချိန်ထိ သူ့နာမည်က ရှင်သန်ဆဲပါ။ ဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေသူ အာဇာနည် ခေါင်းဆောင်များရဲ့ ဂုဏ်သတင်းဟာလည်း သမိုင်းစာမျက်နှာထက်မှာ ယနေ့ထိ ထင်ထင်ရှားရှား ရှိနေပါသေးတယ်။ ဆလိုင်းတင်မောင်ဦးလို ကျောင်းသားခေါင်းဆောင်တွေရဲ့ သမိုင်းဟာ ဖျောက်ဖျက်မရအောင် စွဲထင်နေအုံးမှာ ဖြစ်သလို ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ရဲ့ အမည်နာမများဟာလည်း ရှင်သန်နေအုံးမှာ ဖြစ်ပါတယ်။ 

ဓမ္မကို စောင့်ရှောက်အပ်သူတွေ နှုတ်ဆိတ်နေတဲ့အခါ အဓမ္မပြုကျင့်သူတွေ ထင်တိုင်းကြဲခွင့် ရနေတတ်ပါတယ်။ ဗြဟ္မစိုရ်တရား ခေါင်းပါးလာလေလေ အဓမ္မက အခွင့်လမ်းရလေလေ ဖြစ်ပါတယ်။ အကျည်းတန်အဖြစ်ဆိုးတွေ ထပ်မဖြစ်စေဖို့ ဓမ္မကို စောင့်ရှောက်အပ်သူတွေက ကြားဝင် တားဆီးသင့်တဲ့ အချိန်ကို ရောက်နေခဲ့တာ ကြာပါပြီ။

နဒီမင်း

(Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024