Home
ဆောင်းပါး
မှုန်ဝါးရိပ်ဆင် အတိတ်လွင်ပြင်
DVB
·
August 8, 2022

ဩဂုတ်လရဲ့ ရာသီဥတုကတော့ မိုးလုံးပတ်လည် မှုန်ဝါးဝါးရိပ်ဆင်နေစဲပါပဲ။ အုံ့ပျပျစွေမယ့်မိုး။ တစိမ့်စိမ့်လေး အအေးဓာတ်ရနေတယ်။ လွန်ခဲ့တဲ့ ၃၄ နှစ်ကအတိုင်းပါပဲ။ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်။ အဲ့ဒီနေ့မှာ မြန်မာတနိုင်ငံလုံး ချိန်းဆိုအုံကြွခဲ့တဲ့ ၈၈အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ အခုဆို ၃၄ နှစ်ရှိပြီ။ အဲ့ဒီအချိန်က မွေးဖွားခဲ့ကလေးဆိုရင် အိမ်ထောင်တွေကျလို့ မိသားစုနဲ့ ပျော်ရွှင်နေကြပေါ့။

အချို့လည်း မေ့ပျောက်ဖို့မစွမ်းသာပေမယ့် မှုန်မှေးရိပ်ငွေ့လောက်ပဲ ပုံရိပ်တွေထင်ကျန်နေရဲ့။ လူပျိုရွယ်လူးဘဝက ဖြစ်ရပ်တွေဟာ ဒီလောက်ကြာမြင့်ခဲ့ချိန်မှာ ဆံဖြူသွားကျိုးလို့ ၇၀ နား ချဉ်းကပ်နေပြီ။ မှတ်ဉာဏ်အချို့ ဝေဝါးနေသလို ပုံရိပ်တွေလည်း မထင်ရှားတော့။ ရသမျှမှတ် ဉာဏ်တွေ ပြန်စုစည်းကြည့်တော့လည်း ‘မှုန်ရိပ်ဆင်အတိတ်လွင်ပြင်’ တခုစာမျှသာ။ အချို့ မမေ့လျော့သင့်ပေမဲ့ အမြင်အာရုံတွေ ဝေဝါးသွာပြီပဲ။

ကြာခဲ့ပြီ။ အဲဒီအချိန်ကကျောင်းသားလူငယ်တွေလည်း ဘယ်ဆီရောက်နေကြပြီလဲ။ အချို့ကြွေ အချို့ဝေနေဆဲ ရှင်သန်နေကြဆဲ။ တချို့ကျတော့လည်း မြန်မာပြည်နိုင်ငံရေးကို ကျောခိုင်းသွားခဲ့ကြ။ အချို့ ဆက်လက်ပါဝင်နေဆဲ။ အချို့ကျတော့လည်း မူလကိုယ်ရပ်တည်ခဲ့ရာနဲ့ ဆန့်ကျင်ဘက်လားရာဆီမှာ။ ရန်သူစစ်အာဏာရှင်ကို အုံနဲ့ကျင်းနဲ့ အလုပ်အကျွေးပြုနေကြတာလည်း ရှိရဲ့။ တကယ်ဆို နွေဦးတော်လှန်ရေး တိုက်ပွဲဝင်နေကြတဲ့ လူငယ်လေးတွေကို စာနာစိတ်နဲ့ဝိုင်ဝန်း ကူပံ့ပေးကြရမှာ။ အခုတော့လည်း ‘ရိုက်တဲ့လက်ကို လျက်ပေး’ နေတဲ့ ဘဝရောက်နေကြရှာပေါ့။ ဒါဟာ ကြေကွဲစရာလား အမျက်ဒေါသထွက်ရမှာလား။ ခွင့်လွှတ်စိတ်နဲ့ ကြည့်ရမလား ဝေခွဲမရ။

တကယ်ဆို ၈၈ အရေးတော်ပုံရဲ့တံခွန်ကို ဆက်လက်ဆုပ်ကိုင်ရင်း ရန်သူ့ရဲ့သုတ်သင်ခြင်းခံလိုက်ရတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့လို ပေးဆပ်ခဲ့ရသူတွေကို အားနာသင့် အားနာထိုက်ပေတာပေါ့။ လူဘယ်လောက်များများ ပေးဆပ်ခဲ့ရလဲ။ မထင်မရှား လက်မရွံ့စစ်အာဏာရှင် ဂိုဏ်းသားတို့ လက်ချက်နဲ့ ပြည်သူတွေ ဘယ်လောက်ပေးဆပ်ပြီးခဲ့ရပြီလဲ။ အသက်သာမက အိုးအိမ်စည်းစိမ်တွေ လောင်မီးအတိုက်ခံခဲ့ရပြီးပြီလဲ။ တကယ်ဆို နွေဦးတော်လှန်ရေး လူငယ်အင်အားစုတွေကို မကူညီရင်နေနိုင်ပါတယ်။ ဒါပေမဲ့  ရန်သူအားပေးမလုပ်သင့်တာကတော့ အမှန်ပါပဲ။

ရန်သူလက်တွင်းမှာ သုတ်သင်ခံလိုက်ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ဟာ ငြိမ်းချမ်းရေးသမားတွေ။ ကိုဂျင်မီဆိုရင် အချင်းချင်းရန်ပွဲတွေ အုပ်စုတိုက်ပွဲတွေကိုရှောင်ပြီး နှစ်ဘက် ပြေလည်ရေးအတွက် ညှိနှိုင်းရေး ဖျန်ဖြေရေးသမားကောင်းတယောက်လို့ ဆိုရမှာပါ။ လက်ရုံးရည်ထက် နှလုံးရည်အားကောင်းသူတဦးပါပဲ။ ဒါကလည်း ကျနော်တို့  အင်းစိန်ထောင်ထဲမှာ ကြုံတွေ့ခဲ့ရစဉ်ကတည်းက သူ့ကို အဲဒီလို အကဲဖြတ်ခဲ့တာပါ။ အဲဒီလိုရပ်တည်ဖို့လည်း  အကြံပြုခဲ့ဖူးရဲ့။ 

ကိုဖြိုးဇေယျာသော်ကလည်း အနုပညာသမားပီပီ ငြိမ်းချမ်းရေးသမားတယောက်ပေပဲ။ သူ ထောင်ကလွတ်စ နိုင်ငံရေးပွဲတပွဲမှာ ကျနော်နဲ့ ဆရာနောင် ရပ်နေတဲ့ဆီကို တခုတ်တရ လာရောက် နှုတ်ဆက်ခဲ့သေးတယ်။ တွေ့စကတည်းက သူ့ကို သတိထားမိတယ်။ သိမ်မွေ့နူးညံ့သူ၊ စိတ်ဓာတ်ခိုင်မြဲသူ၊ ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်တတ်သူအဖြစ် အကဲဖြတ်ကြည့်ဖူးတယ်။ နောက်ထပ် တကြိမ် နှစ်ကြိမ် ဆုံတွေ့ခဲ့ရပြန်တယ်။ နာမည်ကျော် အနုပညာသမားဆိုပေမဲ့ ဟိတ်ဟန်မထား၊ မာနမခံ ကျိုးနွံစိတ်ရှိတဲ့ လူငယ်တယောက်အဖြစ် အထူးသတိထား လေ့လာခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်း မတွေ့ဖြစ်တော့ပေမဲ့ ဒီ/ချုပ်အမတ် ဖြစ်သွားတာကိုပဲ သိလိုက်တယ်။ ၁၉၉၆-၉၈ ကျောင်းသားအဖွဲ့အပြင် ‘Generation Wave’ ခေါင်းဆောင်အဖြစ် မှတ်သားထားလိုက်တယ်။

၈၈ အရေးတော်ပုံကာလမှာ ကိုဂျင်မီနဲ့ ကိုဘကျော် ဆိုပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ နာမည်ရခဲ့တယ်။ တံတားဖြူကို တံတားနီလို့ ကင်ပွန်းတပ်ပေးခဲ့သူတယောက်ပေါ့။ သူတို့အပြင် ‘ပြုံးချို၊ တင့်ဆန်း’တို့ရဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂလည်း ပေါ်ထွက်ခဲ့သေးတယ်။ နောက်တော့ အဲဒီအဖွဲ့တွေအားလုံးဟာ ဗကသခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတယ်။ ဒီတုန်းကတော့ ဆယ်ကျော်သက်အရွယ်လေးတွေပေါ့။ ရဲရင့်လို့အကောင်းဆုံး၊ တက်ကြွလို့ အမြင့်ဆုံးအရွယ်တွေ။ 

ရန်ကုန်တက္ကသိုလ်သမဂ္ဂတွေထဲမှာတော့ ဌေးကြွယ်၊ ဝင်းကြွယ် ညီအစ်ကိုနှစ်ယောက်တို့ရဲ့ အဖွဲ့ဖြစ်တဲ့ မကသသမဂ္ဂလည်း ရှိခဲ့တယ်။ ဘယ်လိုပဲ အဖွဲ့အစည်းတွေ ကွဲနေကြပါစေ၊ ဘုံရန်သူ အာဏာရှင်ဆန့်ကျင်ရေးမှာ အတူတကွ တိုက်ပွဲဝင်ခဲ့ကြတယ်။ ၈၈ အရေးတော်ပုံကြီး ပြီးသွားတော့လည်း ဆက်လက်တိုက်ပွဲဝင်ရင်း ထောင်ကျသူကျ။ လက်နက်ကိုင်တိုက်ပွဲထဲ ရောက်သူရောက်ပေါ့။ ပင်မတက္ကသိုလ်အဖွဲ့အစည်းကနေ အသီးသီး တနေရာဆီ ရည်ရွယ်ရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အောင်နိုင်ဖို့ ဖြန့်ထွက်ခဲ့ကြတယ်။ 

အခုတော့ ပွင့်တချို့၊ ကြွေတချို့။ လုပ်သင့်ရာမို့ လုပ်ခဲ့ကြတာဆိုပေမဲ့ ဘဝနဲ့ရင်းခဲ့ကြသူတွေ။ တချို့ကတော့ စိတ်ကရှိနေပေမဲ့ မဝေနိုင်ကြသူတွေ မရုန်းနိုင်ကြတဲ့သူတွေလည်းရှိရဲ့။ ဘဝတွေက ကြမ်းတမ်းကြပေသကိုး။ တချို့ကတော့ အတ္တအခွင့်အရေးအတွက် ၈၈ က သေအတူရှင်မကွာ တိုက်ပွဲဝင်ခဲ့သူအချင်းချင်း ဈေးဗန်းတခုလိုချခင်းရင်း ရောင်းချနေသူတွေလည်း ရှိရဲ့။ ရက်စက်လိုက်ကြတာ။ ငါးစိမ်းသည်မ လက်ကသွေးစွန်း ဓားတချောင်းလို ရဲဘော်အချင်းချင်း ခုတ်ထစ်ရောင်းချနေပုံများ သွေးစိမ်းရှင်ရှင်နဲ့ စက်ဆုပ်စရာ။ 

ဒီလိုနဲ့ ၈၈ ရဲဘော်တချို့ အချိန်မတိုင်မီ ကြွေဆင်းခဲ့ပြီပဲ။ နေနိုင်ရက်သူတွေနဲ့ သေနိုင်ရက်သူတွေ ဘဝဆက်တိုင်း မတွေ့ကြပါစေနဲ့။ ၈၈ ညရဲ့ ကြံတောသင်္ချိုင်းထဲရှိ လူသေပုံထဲကနေ မသေမရှင် အခြေအနေနဲ့  သင်္ဂြိုဟ်စက်ထဲ မရောက်မီ ထပြေးသွားရင်း လွတ်မြောက်ခဲ့ရတဲ့ ကိုအေးသိန်း ပြောပြသံတွေကို ရင်မသည်းဖိုကြားယောင်နေဆဲ။ ကိုယ့်ရှေ့မှာတင် အသက်ပေးသွားခဲ့ကြတဲ့ သာမန် လက်လုပ်လက်စား ပဲပြုတ်သည်အဘွားကြီးရဲ့ လွင့်စဉ်ဖွာထွက်သွားခဲ့တဲ့ ဦးနှောက်သွေးခဲတို့ တဆတ်ဆတ် တုန်ပုံကိုလည်း ညဉ့်နက်နက်မှာ အိပ်မက်ဆိုးတို့ မက်နေဆဲ။

သေသည် ရှင်သည် မသိ၊ တောထဲ လွတ်ရာကျွတ်ရာ ရောက်နေလေရော့သလား မသိနိုင်တော့တဲ့ သားအတွက် ရတက်မအေးနိုင်ဘဲ အသံတိတ် ရှိုက်ငိုနေတဲ့ မိခင်သောကရဲ့ ပရိဒေဝ မီးတောက်တွေကလည်း အခုထိ မငြိမ်းနိုင်သေး။ ပညာတတ် တက္ကသိုလ်ကျောင်းသားလေးမို့ မိဘမျှော်လင့်ချက်က မြင့်မြင့်မားမားထားခဲ့ရတာကိုး။ ကြေကွဲနေမယ်ဆိုလည်း ကြေကွဲစရာ။ သားသာရှိနေသေးရင် ‘ဟော့ဒီ နွေဦးတော်လှန်ရေးမှာ ပါဝင်နေအုံးမှာ မုချပဲ’လို့ တမလွန်အထိ မျှော်လင့်နေတဲ့ မိခင်တွေရဲ့ မကျေနပ်ပွဲစိတ်ဒဏ်ရာတွေကပဲ နားကပ်ကိုချွတ်ပြီး နွေဦးတော်လှန်ရေး ရန်ပုံငွေ ပေးလှူသွားတာကိုလည်း ကြားရမြင်ရ။ လွမ်းတစရာ။ တမလွန်က သားအတွက် လှူဒါန်းလိုက် ထင်ပါရဲ့။

ဆူးလေလမ်း၊ အမေရိကန်သံရုံးရှေ့နဲ့ ဗန္ဓုလပန်းခြံကြားထဲက ကျဆုံးသူတွေရဲ့ ဝိညာဉ်တွေ။ ဗိုလ်တထောင် အတွင်းဝန်ရုံးရှေ့မှာ အတုံးအရုံး ကျဆုံးသွားကြသူတွေရဲ့ ဝိညာဉ်တွေ။ လှည်းတန်းလမ်းမပေါ်က ၈၈ ရဲ့ သွေးညှီနံ့တွေ ဗမာပြည်အနှံ့ လူမသေဖူးတဲ့မြို့ ကျည်မသင့်ဖူးတဲ့ဒေသ မရှိသလောက်ဖြစ်ခဲ့တဲ့ အမှတ်တရ သွေးမော်ကွန်းတွေ။ ၈၈ ရဲ့ လူထုလှုပ်ရှားမှု ဆန္ဒပြပွဲဆိုတာ စစ်ပွဲမဟုတ်ဘူးလေ။ ဒါပေမဲ့ လက်နက်မဲ့ပြည်သူကို လက်နက်နဲ့ အနိုင်ကျင့်သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့သရုပ်မှန်က ဘယ်တုန်းကများ မရက်စက်ခဲ့တာရှိခဲ့လို့လဲ။ ဗမာပြည်ရဲ့ သွေးလွှမ်းအမှတ်တရနေ့ဆိုတာ ၃၆၅ ရက်လုံး ပတ်လည်ပြည့်နေခဲ့ပြီ။ စစ်တပ်က တိုင်းပြည်ကို ကယ်တင်လိုက်သတဲ့လား။

၈၈ တော်လှန်သူတွေရဲ့ ဝိညာဉ်တွေ၊ သွေးတွေနဲ့ ရက်ရှယ်ထားတဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးတို့ ပေါင်းစည်မိခဲ့ကြဟန်ပါပဲ။ နောင်တော်တွေက ညီငယ်တွေကို ထောက်ကူလို့ စစ်အာဏာရှင် အမြစ်ဖြတ်ပွဲမှာ ပါဝင်သူလာကြတာ လေးစားဂုဏ်ပြုစရာ။ အချို့က သမိုင်းပေးတာဝန်ကို ကျေပွန်ခဲ့ကြတယ်။ အချို့က အတ္တအတွက် ၈၈ ရဲဘော်တွေရဲ့ ဝိညာဉ်ပေါ်မှာ ဈေးဗန်းခင်းရင်း ‘ရိုက်တဲ့လက်ကို လျက်ပေး’နေကြတယ်။ တကယ့် စက်ဆုပ်စရာ။ 

ဝန်းကျင်တခုလုံးက အုံ့ပျလို့။ ‘ရှစ်ခွင်းကတော့ မှုံမှိုင်နေဆဲ’။ မိုးလုံးပတ်လည် ရွာမလိုဟန်ပြင်နေပုံက ၁၉၈၈ ဩဂုတ်လ ၈ ရက်နေ့ရဲ့ မှုန်ဝါးဝါးအတိတ်ကို သတိရတွေးတောနေမိတယ်။ မှုန်ဝါးရိပ်ဆင်ထားတဲ့ အတိတ်လွင်ပြင်ကတော့ ကျန်ခဲ့ပြီ။ မှိုင်းရီဝေနေတဲ့ ဝန်းကျင်တခုလုံး နိုင်ငံရေးရာသီဥတု ကြည်လင်ကင်းစင်သွားဖို့ကတော့ နွေဦးတော်လှန်ရေးကပဲ စွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်အားပြုနေမိပါတော့တယ်။ ဒီအရွယ်မှာ အဲဒီလို အားပေးထောက်ခံတာကလွဲလို့ မလှမ်းနိုင်တဲ့ ခြေလှမ်တွေနဲ့ မစွမ်းနိုင်တော့တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ မချင့်မရဲ အပြစ်တင်မိရဲ့။

ဘယ်လိုအခြေနေမှာပဲရှိရှိ ဘယ်အခြေနေပဲ ရောက်ရောက် “နွေဦးတော်လှန်ရေးရဲဘော်အားလုံး ဘေးမသီရန်မခအောင်ပွဲနဲ့အတူ ပြန်လာမယ့်ရက်ကို သပြေပန်းနဲ့လက်ကမ်းလို့ စောင့်ကြိုနေမိပါတော့တယ်။ 

ဂန္ထဝင်မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024