မကွေးတိုင်း မြိုင်မြို့နယ်မှာ ဩဂုတ် ၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျုစောထီးတွေကို ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃၄ ယောက်နဲ့ PDF ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။
မြိုင်မြိုနယ် တွင်းမကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ သင်တန်းပေးနေပြီး တခြားရွာက ပျူတွေပါရောက်ရှိနေတယ်လို့ သတင်းကြားတာကြောင့် ဩဂုတ် ၆ ရက် မနက် ၅ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်နဲ့ ပျူစောထီး ၃၄ ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
ဒါ့အပြင် စစ်ကူလာတဲ့ ဆိုင်ကယ် ၇ စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်လိုက်ရာ ၃ စီး ထိသွားတယ်လို့ ဆိုပါတယ်။
“၄ စီး ထွက်ပြေးလို့ လိုက်လံပစ်ခတ်ရာ ၂ စီး လွတ်မြောက်သွားပြီး တွင်းမစာသင်ကျောင်းထဲ ဝင်ပြေးတဲ့အချိန် ကင်းပုံးဝပ်နေတဲ့ ရဲဘော်တွေက ထပ်မံပစ်ခတ်လိုက်လို့ ၂ ယောက်လဲကျသွားတယ်။ ကျန်တဲ့ စစ်(…)၊ပျူ(…)တွေကတော့ ထွက်ပြေးသွားတယ်။ စခန်းသိမ်းနိုင်အောင် ကြိုးစားခဲ့ပေမယ့် လေကြောင်းရော၊ မြေပြင်ရော စစ်ကူတွေ လိုက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်” လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။
ပျူစောထီးသင်တန်းတက်နေသူတယောက် သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်က ၃၈ ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၂၇ ယောက်ကိုတော့ ပခုက္ကူဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
မြိုင် ပ.က.ဖ တပ်ဘက်ကတော့ ရဲဘော် ၃ ယောက် သေဆုံးခဲ့ရပြီး ၅ ယောက် ဒဏ်ရာရရှိကာ ဒဏ်ရာအခြေနေကတော့ မစိုးရိမ်ရဘူးလို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ပွဲကို မြိုင် ပ.က.ဖတပ်ရင်း(၁)၊ ပခုက္ကူ-PDF၊ 3in1တပ်ဖွဲ့၊ မိုးပျံရပ်ကျေး ပ.က.ဖ၊ ပုံတောင်ညီနောင်တပ်ဖွဲ့၊ မကွေး-PDF၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ MUGDF၊West Ayeyar ပြောက်ကျားတပ်ဖွဲ့နဲ့ ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မြိုင်မြိုနယ်ထဲက PDF စိုးမိုးနယ်မြေတွေကို စစ်ကောင်စီဘက်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်း ၅ ကြောင်းခွဲ ထိုးစစ်ဆင်နေကာ မနေ့ညကလည်း တွင်းမရွာကို စစ်ကား ၁၄ စီး အင်အား ၅၀၀ လောက်ထပ်ရောက်ပြီး အဲဒီနယ်မြေမှာ တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။