Home
ဆောင်းပါး
လေးချိုးဘုရင် ဒေါက်တာသခင်ကိုယ်တော်မှိုင်း (ရသဆောင်းပါး)
DVB
·
August 7, 2022

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မဟာကဗျာလေးချိုးကြီးတွေကို တစုတဝေးတည်း စာအုပ်အဖြစ် ထုတ်ဝေတာ နှစ်အုပ်ရှိပါတယ်။

(အမှတ်အသား မှားရင်တော့ ထောက်ပြဖြည့်စွက်ပေးကြပါခင်ဗျား) တအုပ်က မောင်တင်ရွှေ ပြုစုတဲ့ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ လက်ရွေးစင်လေးချိုးတရာ” ဖြစ်ပါတယ်။ ကျန်တအုပ်ကတော့ ဟင်္သာတစာပေဖြန့်ချိရေးက ထုတ်ဝေတဲ့ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ်” စာအုပ်ဖြစ်ပါတယ်။ ဒီဆောင်းပါးက ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ် စာအုပ်အပေါ် မူတည်ပြီးမှ ရေးတဲ့ဆောင်းပါး ဖြစ်ပါတယ်။

ဆရာကြီးဟာ ကဗျာတွေအပြင် ပြဇာတ်တွေ၊ ဋီကာတွေလည်း ရေးပါတယ်။ ကျနော်တဦးတည်းရဲ့ အမြင်အရ ပြောရရင် ဆရာကြီးဟာ ကဗျာမှာ ပိုပြီး အောင်မြင်ကျော်ကြားလှတယ်လို့ ယူဆပါတယ်။

ဆရာကြီးရဲ့ ဒီလေးချိုးပေါင်းချုပ်စာအုပ်မှာ ဆရာဇော်ဂျီက အမှာစာရေးပါတယ်။ ဒီအမှာစာဟာ ၁၉၆၄၊ သြဂုတ်လ ၃ ရက်နေ့ည ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဈာပနမဏ္ဍပ်မှာ ဆရာဇော်ဂျီ ဟောပြောခဲ့တဲ့ စာတမ်းကို အမှာစာအဖြစ် ဖော်ပြထားတာပါ။ ဆရာဇော်ဂျီရဲ့ အမှာစာဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာများအပေါ် စာဖတ်သူတွေ ပိုမိုသဘောပေါက် နားလည်နိုင်ဖို့အတွက် အထောက်အကူပြုတာ အမှန်ပါပဲ။

ဒီစာအုပ်မှာ လေးချိုးကြီးကဗျာများအပြင် တေးထပ်၊ လေးချိုးလပ်၊ ဂါထာများလည်း ပါရှိတာ တွေ့ရပါတယ်။ စုစုပေါင်း ကဗျာပု​ဒ်ရေ ၁၁၈ ပုဒ် ပါရှိပါတယ်။

၂။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာတွေကို အကြောင်းအရာပိုင်းအရ၊ အတတ်ပညာပိုင်းအရ ဆိုပြီး နှစ်ပိုင်းခွဲပြီး လေ့လာသင့်ပါတယ်။

ဆရာကြီးဟာ ကဗျာဆရာလည်းဟုတ်တယ်၊ နိုင်ငံရေးခေါင်းဆောင်လည်းဖြစ်တာမို့ ဆရာကြီးရဲ့ ကဗျာတွေကို အကြောင်းအရာအရ လေ့လာရင်ပဲ ခမ်းနားမြင့်မားလှတဲ့ နိုင်ငံရေးနောက်ခံများကို တွေ့ရနိုင်ပါတယ်။ ဆရာကြီးရဲ့ ကဗျာတွေကို ဖတ်ရင် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးအမြင် ထက်မြက်မှုတွေကို အထင်အရှား တွေ့ရနိုင်ပါတယ်။

ဒီဆောင်းပါးမှာတော့ အဲဒီဆရာကြီးရဲ့ နိုင်ငံရေးအကြောင်းအရာ နောက်ခံများကို အဓိကမထားဘဲ ဆရာကြီးရဲ့ ကဗျာအတတ်ပညာဆိုင်ရာ အပိုင်းကိုပဲ ဦးစားပေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး ကျနော် သတိပြုမိတဲ့ အချက်ကတော့ မဟာကဗျာလေးချိုးကြီးများရဲ့ ထူးခြားလှတဲ့ ကဗျာပုံစံ ဖြစ်ပါတယ်။ ဒီကဗျာပုံစံဟာ လေးချိုးကဗျာပုံသဏ္ဌာန်ဟောင်းကို ဆရာကြီးက ထပ်မံချဲ့ထွင်ထားတဲ့ ကဗျာပုံသဏ္ဌာန်သစ် ဖြစ်ပါတယ်။

ဆရာကြီးက သူပြောချင်တဲ့ အကြောင်းအရာကို မဟာကဗျာလေးချိုးကြီးဆိုတဲ့ သူကိုယ်တိုင် တီထွင်ထားတဲ့ “ကဗျာပုံစံ” နဲ့ ရေးဖွဲ့ပြောဆိုခဲ့တာပါ။ ဒီကဗျာပုံစံဟာ ယခင်ရှိပြီးသား လေးချိုးကဗျာရဲ့ အကန့်အသတ်တချို့ကို ဖျက်ပြီး အဲဒီအကန့်အသတ်ထက် ပိုပြီးကျယ်တဲ့ ကဗျာပုံစံကို ယူလိုက်တာပါ။ လေးပိုဒ်ကဗျာပုံသဏ္ဌာန်ရဲ့ တစုံတရာ တင်းကျပ်မှုကို ဖြေချလိုက်တဲ့ သဘောပါပဲ။ ဒီလို ဆန့်ထုတ်ဖြေချရခြင်း ရည်ရွယ်ချက်ကလည်း တချိန်က “ပျို့” တွေ၊ “ရတု” တွေမှာသာ ရေးဖွဲ့လေ့ရှိတဲ့ အကြောင်းအရာမျိုးတွေကို ဆရာကြီးက မဟာကဗျာလေးချိုးကြီးထဲမှာ ထည့်ရေးနိုင်တယ်ဆိုတာ နားလည်ထားလို့ပါပဲ။

ကဗျာတခေတ်မှာ ကဗျာသစ်ထွင်တဲ့အလုပ်ဟာ တကယ်တော့ တော်လှန်စွန့်စားရတဲ့အလုပ် ဖြစ်ပါတယ်။ အဟောင်းကို တော်လှန်ရပါတယ်။ အဟောင်းသမားနဲ့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့်မို့လည်း “အမယ်မင်း၊ တေးမျိုးအပြီး မသာမယာကိုမှ လေးချိုးကြီးမဟာကဗျာရယ်လို့ ခေါ်ရက်လေခြင်း” ဆိုပြီး ငိုချင်းချ ကန့်ကွက်သူတွေ ရှိခဲ့တာပေါ့။ ဒါပေမဲ့ ဆရာကြီးက ကဗျာပုံသဏ္ဌာန်သစ်ကိုပဲ ရဲရင့်တက်ကြွစွာ ကိုင်စွဲခဲ့ပါတယ်။

တချိန်တုန်းက လေးချိုးစာကြောင်းတကြောင်းမှာ စာလုံးရေ ၉ လုံးအထိလောက်ပဲ ရှိတာကို ဆရာကြီးကတော့ စာလုံးရေအကန့်အသတ်မရှိ ထားချင်သလောက်ထားပြီး ရေးတာ တွေ့ရပါတယ်။ ပြီးတော့ ကဗျာပိုဒ်ရေ ၄ ပိုဒ်၊ တချိန်တုန်းက ၁၆ ချိုး၊ စာမျက်နှာ  ၂ မျက်နှာ ၃ မျက်နှာရှိရာက ဆရာကြီးကတော့ ၁၀ မျက်နှာလောက်အထိ ဆန့်ထုတ်ချဲ့ထွင်လိုက်တာ တွေ့ရပါတယ်။ ဒီနေရာမှာ ဆရာကြီးဟာ ယခင်လေးချိုးပုံသဏ္ဌာန်ရဲ့ “ထု” နဲ့ “စောက်” ကို ချဲ့ထွင်လိုက်တဲ့သဘောပါပဲ။ ဒါကတော့ ဆရာကြီးရဲ့ ကိုယ်ပိုင် မဟာကဗျာလေးချိုးကြီး ပုံသဏ္ဌာန်ရဲ့ ထူးခြားမှုပါပဲ။

နောက်ထပ် ထူးခြားတဲ့အချက်တွေ ရှိပါတယ်။ ဆရာကြီးဟာ အဲဒီ မဟာကဗျာလေးချိုးကြီးတွေကို အရပ်သုံးလေသံတွေ၊ လူထုသုံးဝေါဟာရတွေ၊ အင်္ဂလိပ်စကားလုံး အသံထွက်တွေ၊ ဝေါဟာရအသစ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့အချက်ဟာ အင်မတန်ထူးခြားတဲ့အချက်ပါပဲ။ ဒီလိုရေးဖွဲ့တယ်ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ တော်ရုံတန်ရုံ ကဗျာဆရာတွေ စိတ်ကူးမိ စိတ်ကူးရဲတဲ့ကိစ္စ မဟုတ်ပါဘူး။ အင်မတန်ရဲရင့်ထက်မြက် တတ်သိတဲ့ ကဗျာဆရာများသာ ကိုင်တွယ်ရဲတဲ့ကိစ္စ ဖြစ်ပါတယ်။ ဆရာကြီးဟာ အဲဒီစကားလုံးတွေ ဝေါဟာရတွေကို ဆရာကြီး အင်မတန်ကျွမ်းကျင်လိမ္မာတဲ့ “မကျီးရွက်သပ် နဘေထပ်” စပ်နည်းနဲ့ ရေးတဲ့အတွက် ဆရာကြီးရဲ့ ကဗျာတွေဟာ လူတွေနဲ့ ပိုမိုနီးစပ်နိုင်ခဲ့ပါတယ်။

ဒီနေရာကစပြီး ဆရာကြီး အသုံးပြုခဲ့တဲ့ ဝေါဟာရသစ်၊ လူထုသုံးစကားလုံး၊ အင်္ဂလိပ်စကားလုံးတွေကို အနည်းငယ်မျှစီ ဖော်ပြသွားပါ့မယ်။

စကားလုံးသစ်များ

မယ်သီလရှင် = ဘန်းမဒီ

ဖက်ဆစ် = ကမ္ဘာဒမြ

ဖြူစင်တဲ့အကျင့် = ဗျိုင်းအကျင့်

မကြည်ညိုဖွယ်ဘုရင်= ဘုရင်တကောင်

နွားလိုမိုက်တဲ့ လူနှစ်ယောက် = လူတရှင်း

ဒကာမနှစ်ယောက် = နှစ်ဒဂမ

မြေပတ်ကြားပထဗျာထိ = မြေမျို

အလွန်လွမ်းဆွေးခြင်း = လွမ်းတောင်ပေါက်

အင်္ဂလိပ်စကားလုံးများသုံးစွဲပုံ

ကောလိပ်၊ ကင်းဂျော့၊ ကောင်စီ၊ ကွန်မြူနစ်၊ ကွန်ဖရင့်၊ ဆေးလဗားဂျူဗလီ၊ ဒိုင်အာခီ၊ ဒယ်လီဂိတ်၊ ပါဝါ၊ ပေါ်လစ်တစ်၊ နေရှင်နယ်ဒေး … အစရှိတဲ့ စကားလုံးတွေပါပဲ။ အပြည့်အစုံ ဖော်ပြမယ်ဆိုရင်တော့ သည့်ထက်တပုံတပင်ကြီး ရှိပါသေးတယ်။

ကျနော် စိတ်ဝင်စားပြီး အထူးခြားဆုံး အသုံးအနှုန်းတွေကတော့ လူထူသုံး ဗန်းစကားလုံးတွေပါပဲ။

လူထုသုံးဝေါဟာရများ

ကလော်တုတ်၊ ကလိန်ဘုကျ၊ ကလချာ ကလချွတ်၊ ဂိုက်မသေး၊ ငနဲ၊ ငို့ဘကောင်၊ ဘိုင်ကောင်၊ ဟော်တယ်မယ်၊ မသာလောင်း၊ သေချင်းဆိုး၊ အနုတ်စုတ် ဂုတ်စုတ်၊ ပလူး၊ ဗလဗွေဗလဖြစ်၊ ဘလချီဘလရွတ်၊ မဟားဒယား၊ အကြံနိုပ်....၊ သည့်ထက် စကားလုံးတွေ အများကြီး ရှိပါသေးတယ်။ ဒါကတော့ နမူနာသဘောပဲ ဖော်ပြလိုက်တာပါ။

နောက်ထပ် ထူးခြားတဲ့အချက် ရှိပါသေးတယ်။ ဆရာကြီးဟာ စကားလုံးပေါင်း ဂန္ထဝင်စည်းကမ်းတွေကို ရဲရဲပဲ ချိုးဖောက်လိုက်တာ တွေ့ရပါတယ်။ ကဗျာမှာ လူထုသုံး ဝေါဟာရနဲ့ စကားပြောလေသံကို အသုံးပြုမယ်ဆိုရင် ဂန္ထဝင်စည်းကမ်းတွေဟာ အဟန့်အတား ဖြစ်စေတတ်ပါတယ်။ ဒီနေရာမှာတော့ ဂန္ထဝင်စည်းကမ်းတွေက ဆရာကြီးရဲ့ တီထွင်ရဲတဲ့စိတ်ကို မဟန့်နိုင်ပါဘူး။ ဒါကိုလည်း ဥပမာအနည်းငယ် ဖော်ပြလိုက်ပါတယ်။

ဓါးမရှည် ဓါးမတို = ဒမရှေ ဒမတို

ဓားပြ = ဒမြ

ခေါင်းကုတ် = ဂေါင်းကုတ်

နွားထိုင်း နွားပျက် နွားနီ နွားပြာ = နထိုင်း နပျက် နနီ နပြာ

ထမင်းရည် = ထမရေ

ဝါးတော ဝါးရုံ = ဝတော ဝရုံ

မြေးတကာမ = မြီးဒဂမ

တန်ဆာ = ဓဆာ

၃။

“ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ လေးချိုးပေါင်းချုပ်” စာအုပ်ကိုဖတ်ပြီး ကျနော်တွေ့ရှိတဲ့ ဆရာကြီးရဲ့ ကဗျာဆိုင်ရာ အတတ်ပညာများကို အနည်းငယ် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဆရာကြီး ကွယ်လွန်တဲ့အခါ ကဗျာလောကမှာ မဟာကဗျာလေးချိုးကြီးခေတ်ဟာလည်း နိဂုံးချုပ်သလို ဖြစ်ခဲ့ပါတယ်။

ဒါကတော့ နှောင်းလူတွေက နောက်ထပ်ကဗျာသစ်တွေ ထပ်ပြီး ဖော်ကြတာလည်းပါ၊ ဆရာကြီးထက်ကျော်ပြီး ဘယ်ကဗျာဆရာမှ မဟာကဗျာလေးချိုးကြီးတွေ မရေးစပ်နိုင်တာလည်း ပါလိမ့်မယ် ထင်ပါတယ်။

ဒီဆောင်းပါးမှာ ဆရာကြီးရဲ့ ကဗျာအတတ်ပညာဆိုင်ရာ နည်းနာတွေကို အနည်းငယ်မျှသာ ဖော်ပြနိုင်ကြောင်း ဝန်ခံပါတယ်။ စာဖတ်သူများ ဖြည့်စွက် ဆက်လက်လေ့လာနိုင်ဖို့အတွက်သာ ရည်ရွယ်ပြီး ရေးခဲ့ခြင်း ဖြစ်ပါတယ်။      ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

မှီငြမ်း။ ။ဆရာမောင်စွမ်းရည် ရဲ့ “ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာဟန်တကွက် ”

ဆောင်းပါး။ (စာပေအင်အား...စာအုပ်မှ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024