Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လာမည့် အန္တရာယ်ရှိဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
August 6, 2022

မြန်မာနိုင်ငံမှာ နိုင်ငံတွင်းစည်းလုံးညီညွတ်ရေး ပြန်လည်ဖော်ဆောင်ဖို့ စစ်ကောင်စီက ဘယ်လို တိုးတက်မှုကိုမှ မစွမ်းဆောင်နိုင်သေးတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်မယ့်အန္တရာယ်နဲ့ အလွန်နီးကပ်နေပြီလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အပေါ် အလွန်စိတ်ပျက်ရကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ ထုတ်ပြန်ပြီးနောက် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ  စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တာလို့  စထရိတ်တိုင်းမ်းသတင်းစာမှာ ဖော်ပြပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဗီဗီယန်က “ကျတော်ပွင့်ပွင့်လင်းလင်းပြောပါမယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်မယ့်ဘက်ကို ဦးတည်နေပါတယ်။ အာဆီယံနဲ့ သဘောတူညီထားတဲ့ အချက် ၅ ချက်ကိုလည်း စစ်ကောင်စီက ဆောင်ရွက်နေတာ မတွေ့ရပါဘူး”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် ပေါ်ပေါက်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အချက် ၅ ချက်ပါ သဘောတူညီချက်ကို စစ်ကောင်စီ ခေါင်းဆောင်အပါအဝင် အာဆီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက  သဘောတူညီခဲ့ကြပါတယ်။

ဒါပေမဲ့ အခုချိန်ထိ အဲဒီသဘောတူညီချက်တွေကို စစ်ကောင်စီက ဖော်ဆောင်လိုက်နာခြင်း မရှိသေးဘဲ ဆန့်ကျင်သူတွေကို ညှဉ်းပန်းသတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့တဲ့ ပြည်သူ ၂၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါ့ပြင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပေါ် ချမှတ်ထားတဲ့ သေဒဏ်တွေအပေါ်မှာ ပြန်လည်သုံးသပ်ဖို့ အာဆီယံဥက္ကဋ္ဌ အလှည့်ကျ ကမ္ဘောဒီယားဝန်ကြီးချုပ်ရဲ့ ပန်ကြားချက်၊ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား ပရတ်ဆာခွန်းတို့ရဲ့ ပန်ကြားချက်တို့ကို မသိကျိုးကျွံပြုကာ သေဒဏ်စီရင်ခဲ့တဲ့ကိစ္စ၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်တို့ မြန်မာနိုင်ငံကို သွားရောက်ချိန်မှာ စစ်ကောင်စီက ဗုံးခွဲတာတွေဟာ အာဆီယံကို သူတို့က လုံးဝ အသိအမှတ် မပြုတဲ့ သဘော၊ အလေးမထားဂရုမစိုက်တဲ့ သဘောပဲဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံဘုံသဘောတူညီချက် အချက် ၅ ချက်အပေါ် စစ်ကောင်စီရဲ့ တုံ့ ပြန်ဆောင်ရွက်မှုပေါ်မူတည်ပြီး မြန်မာ့အရေးရှေ့ဆက် ဘယ်လို ကိုင်တွယ်မယ်ဆိုတာကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ကြစေဖို့ ဩဂုတ် ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ သဘောတူညီခဲ့ကြပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက “ကျနော်တို့က ဝင်ပါဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပြည်တွင်းစည်းလုံးရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဘယ်လောက်လိုအပ်တယ်၊ တန်ဖိုးရှိတယ်ဆိုတာကို စစ်ကောင်စီက နားမလည်ရင်၊ အာဆီယံအဖွဲ့ဝင်အနေနဲ့ အာဆီယံရဲ့ အကူအညီကို ကောင်းကောင်းအသုံးမချနိုင်ရင် အခြေအနေက တော်တော်ကို ဆိုးသွားမှာပါ” လို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံက ပြဿနာတွေပြေလည်ဖို့ အချိန်ဘယ်လောက်ကြာဦးမယ်ထင်သလဲလို့ မေးရာမှာတော့ ၄ နှစ်ကနေ နှစ် ၂၀ လို့ တခြားသူတွေက ခန့်မှန်းကြကြောင်းနဲ့ သူကိုယ်တိုင်ကတော့ နှစ်တွေ အများကြီးကြာဦးမယ်လို့ ယူဆကြောင်းပြောပါတယ်။ 

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက “လက်နက်ကိုင်တိုက်ပွဲတွေအကြောင်း အသာထား၊ နိုဝင်ဘာ အစည်းအဝေးမတိုင်မီမှာ စစ်ကောင်စီက အကြမ်းဖက်မှုတွေကို တကယ်ရပ်လိုက်မယ်၊ နိုင်ငံရေးပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ အမှန်တကယ်ဆွေးနွေးမယ်၊ အာဆီယံအထူးကိုယ်စားလှယ်ကို အားလုံးနဲ့တွေ့ဆုံခွင့်ပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမယ်ဆိုရင်တော့ ကောင်းတဲ့အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာစစ်ကောင်စီ အခုသွားနေတဲ့လမ်းစဉ်အတိုင်းဆိုရင် နောက်ထပ်ဖိအားတွေ အဆိုးဆုံးကို ရင်ဆိုင်ရတော့မယ်လို့ ဆိုပါတယ်။ 

“မကြာခင်မှာပဲ ဒီလမ်းကို ရှေ့ဆက်လို့မရတော့ဘူးဆိုတာ သိလာမှာပါ။ နိုင်ငံတွင်းစည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံတနိုင်ငံဟာ ဘယ်လိုမှ ရှေ့မဆက်နိုင်ပါဘူး” လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တိုးတက်အောင်ဆောင်ရက်မှု မပြသနိုင်မချင်း မြန်မာ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကို အာဆီယံရဲ့ ဘယ်အစည်းအဝေးမှ တက်ခွင့်မပြုဘဲ ဆက်လက်ထားရှိဖို့  အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်လိုက်တဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး ပရတ်ဆာခွန်းက ပြောကြားထားပါတယ်။

Photo-Vivian Balakrishnan facebook

Ref- The Straits Times

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024