အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုအပေါ် ပါလက်စတိုင်းက ဒုံးကျည်များပစ်ခတ်ပြီး လက်တုံ့ပြန်

ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်လှုပ်ရှားမှုရဲ့ အကြီးပိုင်းတပ်မှူးတဦး အပါအဝင် လူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာရှိ ပါလက်စတိုင်း စစ်သွေးကြွတွေဟာ သြဂုတ် ၅ ရက်က ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေကို ပစ်ခတ်ခဲ့ပါတယ်။ 

အမှောင်ကျလာတာနဲ့အမျှ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ လေကြောင်းရန်ကာကွယ်ရေး အချက်ပေးဥသြသံတွေ မြည်လာကြောင်း အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။ 

အစ္စရေးရုပ်မြင်သံကြားဌာနတွေက ထုတ်လွှင့်နေတဲ့ ဓာတ်ပုံတွေကတော့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကနေ ပစ်ချခံရတဲ့ ဒုံးကျည်အများအပြားကို ပြသနေပုံ ပေါ်ပါတယ်။

အစ္စရေးရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ တဲလ်အဗစ်မှာ ပေါက်ကွဲသံတွေကို ကြားရပေမယ့်လည်း ဥသြသံတွေကိုတော့ မကြားရကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ 

အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့က သူတို့ဟာ တဲလ်အဗစ်အပါအဝင် အစ္စရေးမြို့တွေကို  ဒုံးကျည် ၁၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

အသေအပျောက် သတင်းတွေ မရှိဘူးလို့ အစ္စရေး လူနာတင်ယာဉ်ဝန်ဆောင်မှုက ပြောပါတယ်။

ဒီသီတင်းပတ်အတွင်း ပါလက်စတိုင်း စစ်သွေးကြွ ခေါင်းဆောင်တဦးကို ဖမ်းဆီးထားရာကနေ ရက်အတန်ကြာ တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ 

အဲဒီနောက် အစ္စရေးကလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာပြီး ၅ နှစ်အရွယ် ကလေးတဦး အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဂါဇာရှိ ဒေသန္တရ ကျန်းမာရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။ 

//
More News
Up