ဆိပ်ဖြူမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ ဦး သေဆုံး

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ သြဂုတ် ၃ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင် စီဘက်က ၄ ယောက် သေဆုံးကာ အများအပြားဒဏ်ရာ ရခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ ပြောက်ကျား တပ်ဖွဲ့က သြဂုတ် ၅ ရက်မှာထုတ်ပြန်ပါတယ်။

ဖလံမရွာနားမှာ သြဂုတ် ၃ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်အင်အား ၅၀ လောက်ဟာ ဖောကား ၂ စီးနဲ့ တက်လာချိန် ဆိပ်ဖြူဘာမထီပြောက်ကျားအဖွဲ့နဲ့ ချောက်ပကဖတို့ ပူးပေါင်းမိုင်းဆွဲခဲ့တာလို့ ဆိပ်ဖြူဘာမထီ ပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူး ကိုပိုင်က ပြောပါတယ်။

ဒါအပြင် ဖလံမရွာနဲ့ အိုင့်ကြီးရွာကြားမှာ မနက် ၁၁ နာရီလောက်က အိမ်စီးကား တစီးအပါဝင် စစ်ကောင်စီတပ်အင်အား ၃၀ လောက် ခြေလျင် စစ်ကြောင်းထိုးလာလို့ နောက်တကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်လောက် သေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ ကိုပိုင်က ဆက်ပြောပါတယ်။

“စစ်(...)အလောင်းတွေကိုတော့ ကားပေါ်ကို ထမ်းတင်သွားတာ။ မှန်ဘီလူးနဲ့ အဝေးက လှမ်းကြည့် လို့ မြင်ရတာ။ ဒဏ်ရာရသူတွေကိုလည်း တွဲခေါ်သွားတာတွေ့ရတယ်။”

စစ်ကောင်စီတပ်က ဖလံဖရွာဘက်ကနေ အိုင့်ကြီးရွာနားကို လက်နက်ကြီးတွေနဲ့ ၃ ချက်လောက်ပစ်ခတ်ခဲ့ပေမဲ့ မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဆိပ်ဖြူမြို့နယ်ကို ဇူလိုင် ၇ ရက်ကတည်းက စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေပြီး ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ သတင်းထုတ်ပြန်တာ နောက်ကျခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတဲ့ အခြေနေကို သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

//
More News
Up