စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး KNLA ထံ လာရောက်ပူးပေါင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်   မြဝတီ-ဝေါလေ ကားလမ်း(သုံးထပ်ကွေ့)အနီး  သြဂုတ် ၅ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောာက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  ပူးပေါင်းတပ်ဖွဲ့ဆီ လာရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

သုံးထပ်ကွေ့ သရက်ပင်စခန်းအနီးမှာ မနေ့မနက် ၈ နာရီလောက်ကစပြီး  နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ယောက် ကျဆုံး၊ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA ပူးပေါင်းဘက်ကတော့ ၂ ယောက်  မစိုးရိမ်ဒဏ်ရာတွေ ရရှိသွားပါတယ်။

မြဝတီခရိုင်အတွင်း  KNLA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားနေတာ ၈ လကျော်ကြာလာပြီ ဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန် ထမ်းဆောင်လိုခြင်းမရှိတော့တာကြောင့် အခုလို KNLA တပ်ဖွဲ့ဆီ လာရောက်ပူးပေါင်းခဲ့ကြတာဖြစ်ကြောင်း၊ အရာရှိအဆင့်တွေအပါအဝင် တပ်သားတချို့ လာရောက်ပူးပေါင်းချင်နေပေမယ့် တပ်တွင်း ကျန်ခဲ့တဲ့မိသားစုကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားတယောက်က ပြောပါတယ်၊

မြဝတီ-ကော့ကရိတ်လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားကားတွေ အသုံးပြုသွားလာနေကြောင်း၊ KNLA ပူးပေါင်းတပ်ဘက်ကို သတင်းမပို့ဘဲ သွားလာတဲ့ကားတွေကို ပစ်ခတ်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ၆ တပ်ရင်း ၁၈ တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ် ၂ ရက် မနက်ပိုင်းက မြဝတီ-ဝေါလေ ကားလမ်း(သုံးထပ်ကွေ့)အနီးမှာ  စစ်ကောင်စီရဲ့  တပ်မ ၄၄၊ နဗဟ ၄၄၁ လက်အောက်ခံတပ်တွေ၊ လက်ရုံးတပ်ဖွဲ့တွေက ထိုးစစ်ဆင်ဝင်ရောက် လာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက Yak 130 လေယာဉ်နဲ့ ညနေ ၄ နာရီလောက် တိုက်ပွဲဖြစ်ပွားရာနေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁ ရက် မနက်ပိုင်းမှာ နယ်ကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများပြီး ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

မြဝတီ-ဝေါလေကားလမ်းမှာ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး မကြာခဏ လမ်းပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် စိုက်ပျိုးထားတဲ့ ပြောင်းခင်းတွေလည်း ပျက်စီးဆုံးရှုံးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

//
More News
Up