ရုရှားဒုံးကျည်ထိမှန်သေဆုံးခဲ့သည့် ယူကရိန်းစိုက်ပျိုးရေးကုမ္ပဏီပိုင်ရှင် သူဌေးကြီး၏ ဈာပန ကျင်းပ

ယူကရိန်းရဲ့အကြီးဆုံးစိုက်ပျိုးရေးကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Nibulon ကုမ္ပဏီပိုင်ရှင် သူဌေးကြီး အိုလက်စီ ဗာဒါတူရ်စကီးရဲ့ ဈာပနအခမ်းအနားကို သြဂုတ်လ ၅ ရက်က ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့မှာ ကျင်းပပါတယ်။ 

Nibulon ကုမ္ပဏီကို ပူးတွဲတည်ထောင်သူလည်းဖြစ်ပြီး ကုမ္ပဏီဒါရိုက်တာလည်းဖြစ်တဲ့ အိုလက်စီ ဗာဒါတူရ်စကီးဟာ ဇူလိုင် ၃၁ ရက်က ရုရှားနိုင်ငံတောင်ပိုင်း မိုင်ကိုလေ့ဗ် မြို့မှာ သူ့ဇနီး ရိုက်ဆာ နဲ့အတူ နေအိမ်မှာ သေဆုံးခဲ့ရတာဖြစ်ပြီး ဒါဟာ ရုရှားဒုံးကျည် တိုက်ခိုက်မှုကြောင့်လို့ ယူကရိန်းက ပြောပါတယ်။

ဒီလိုလူတွေ၊ ဒီလိုကုမ္ပဏီတွေက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို အာမခံပေးနေတာလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဗာဒါတူရ်စကီးနဲ့ သူ့ဇနီး သေဆုံးရမှုအတွက် ဝမ်းနည်းစကားကို သူ့ရဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဗာဒါတူရ်စကီးဟာ ၂၀၂၁ ခုနှစ်က ယူကရိန်းရဲ့အဆင့် ၂၄ ချမ်းသာကြွယ်ဝသူအဖြစ် ဖို့ဘ်စ်-ယူကရိန်း မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။ 

သူ့ရဲ့ကုမ္ပဏီဟာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန် နှစ်တွေမှာ ယူကရိန်းရဲ့ စိုက်ပျိုးရေးဈေးကွက်မှာ အဓိကကျတဲ့ အရေးပါသူဖြစ်လာခဲ့ပြီး အစေ့အဆန်တွေအတွက် အဓိက အရင်းအမြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ 

ယူကရိန်းသူဌေးကြီး  ဗာဒါတူရ်စကီးဟာ ယူကရိန်းရဲ့ မြောက်ဖျားကနေ တောင်ဘက်စွန်းအထိ ကျယ်ပြန့်တဲ့ နီးပရိုမြစ်အပါအဝင် ယူကရိန်းမြစ်တွေပေါ်မှာ ကုန်တင်သယ်ယူပို့ဆောင်ရေး ပြန်နိုးထလာစေဖို့ လုပ်ဆောင်ခဲ့သူအဖြစ် နာမည်ကြီးပါတယ်။ 

//
More News
Up