စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နေရာ ၂ နေရာမှာ ဩဂုတ် ၅ ရက်က စစ်ကောင်စီတပ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်က မိုင်း ၂ ကြိမ် ခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၂ ယောက်နဲ့ စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ Tigyaing Revolution- TR က သိရပါတယ်။
ဩဂုတ် ၅ ရက် ၁၁ နာရီခွဲလောက်က စစ်ကြောင်းထွက်ရာကနေ ထီးချိုင်ဘောလုံးကွင်းထဲ ပြန်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ယောက် ထက်မနည်း သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Tigyaing Revolution- TR သတင်းပြန်ကြာရေးတာဝန်ခံက ပြောပါတယ်။
ထီးချိုင့်ဘောလုံးကွင်းဟာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းပြန်လာတဲ့အခါ စခန်းချရာနေရာ ဖြစ်တယ်လို့ သိရပါတယ်။
Tigyaing Revolution- TR သတင်းပြန်ကြာရေးတာဝန်ခံက “ဘောလုံးကွင်းမှာ အမြဲတမ်း စခန်းချတာပေါ့။ စစ်ကြောင်းထွက်ပြီဆိုရင် စစ်ကြောင်းထွက်လိုက်၊ စစ်ကြောင်း ပြန်လာရင် အဲဒီမှာနေလိုက် လုပ်တာပေါ့။ စစ်ကြောင်းပြန်ဝင်လာတာ ၇၅ ကောင် ပေါ့။ အဲဒီ ၇၅ ကောင်ကို မိုင်းဆွဲတာ” လို့ ပြောပါတယ်။
မိုင်းခွဲ တိုက်ခိုက်ခံပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ဆိုက်ကားဆရာ တယောက် နဲ့ လမ်းသွားလမ်းလာ ၂ ယောက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သလို မြို့မတောင်ပေါ်ရဲစခန်းကလည်း ပစ်ခတ်တာကြောင့် ရွာသစ်ကုန်းရပ်ကွက်က အိမ်တချို့ ကျည်ထိမှန်ခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့ပေါ် စစ်ဆေးရေးတင်းကြပ်ကာ စစ်ဆေးနေတာကြောင့် ထီးချိုင့်မြို့ပေါ် တစ်ခုလုံး ခြောက်ကပ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ် ၅ ရက် ညနေ ၅ နာရီ ၁၅ မိနစ်လောက်က ကက္ကုလမ်းဆုံကနေ ကား ၁ စီး၊ဆိုင်ကယ် ၂ စီးနဲ့ မြတောင်ရွာဘက် ပြန်လာတဲ့ စစ်တပ်နဲ့ရဲကို မိုင်း ၂လုံးဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ကယ်စီးလာတဲ့ ရဲ ၂ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ Tigyaing Revolution_ TRက သြဂုတ် ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
မိုင်းခွဲတဲ့ ဖြစ်စဉ် ၂ ခုလုံးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ အထိအခိုက် မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။