လူအင်အားဖြည့်လိုသော်လည်း အသင်းရှိကစားသမားများခြေစွမ်းပြနေဟု နည်းပြတန်ဟတ်ဂ်ပြော

မန်ယူအသင်းအနေနဲ့ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ရှာဖွေနေပေမယ့် အသင်းရှိ ကစားသမားတွေဟာလည်း ခြေစွမ်းကောင်းပြသနေကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

မန်ယူအသင်းဟာ ကွင်းလယ်လူနေရာအတွက် အဓိကပစ်မှတ်ထားနေပြီး ဘာစီလိုနာကွင်း လယ်လူ ဖရန့်ကီဒီယောင်နဲ့ အပြောင်းအရွှေ့ဟာလည်းဖြစ်မြောက်လာခြင်းမရှိသေးပါဘူး။

ဒီယောင်နဲ့ ပတ်သက်ပြီး နည်းပြတန်ဟတ်ဂ်က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပေမယ့် ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေရှိကြောင်း ပြောသွားတာပါ။ 

“ဖရန့်ကီနဲ့ ပတ်သက်လို့ တခြားအသင်းက ကစားသမားဖြစ်လို့ မှတ်ချက်မပေးချင်ပါဘူး။ ကျနော်တို့ဆီမှာ သတင်းထူးလာရင်ထုတ်ပြန်ပေးပါ့မယ်။ လက်ရှိအသင်းက ကစားသမားတွေကိုပဲ တိုးတက်လာအောင် လုပ်ဆောင်ရပါမယ်။ လက်ရှိအသင်းရဲ့ကွင်းလယ်နေရာက ကစားသမားတွေက ခြေစွမ်းပြနေပါတယ်။ အသင်းကိုတောင့်တင်းဖို့ လုပ်နေတာမှန်ပေမဲ့ လက်ရှိ လူစာရင်းမှာ ကစားသမားကောင်းတွေရှိပြီး ကောင်းမွန်တဲ့အဆင့်တစ်ခုမှာ ကစားနိုင်တယ်ဆိုတာ ပြသ ထားကြပါတယ်” လို့  နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်နေရာအတွက် ဒေါ့မွန်က ဘယ်လင်ဂမ်နဲ့ ဝက်စ်ဟမ်းကဒက်က လန်ရိုက်တို့ကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။  

//
More News
Up