အကျဉ်းသားလဲလှယ်ရေးကိစ္စ အမေရိကန်နှင့်ဆွေးနွေးရန် အသင့်ရှိဟု ရုရှားပြော

မော်စကိုဟာ လက်ရှိ သံတမန်လမ်းကြောင်းကတဆင့် ဝါရှင်တန်နဲ့ အကျဉ်းသားလဲလှယ်ရေး ကိစ္စတွေကို ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က သြဂုတ် ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အထူးသဖြင့်တော့ ရုရှားနဲ့ အမေရိကန်မှာ ပြစ်ဒဏ်ချမှတ်ခံရသူတွေကိစ္စဖြစ်ပြီး သမ္မတ ပူတင်နဲ့ ဘိုင်ဒင်တို့ သဘောတူထားတဲ့ လမ်းကြောင်းဘောင်အတွင်းမှာဖြစ်ကြောင်း လာ့ဗရော့ဗ်က ပြောပါတယ်။

ရုရှားတရားရုံးတခုဟာ ကြာသပတေးနေ့က အမေရိကန် ဘတ်စကတ်ဘော အကျော်အမော် ဘရစ်တ်နေ ဂရင်နာကို မူးယစ်ဆေးစွဲချက်နဲ့ ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့တာပါ။

ဒီစီရင်ချက်ချမှုဟာ ရုရှားဘက်က ဖမ်းထားတဲ့ အမေရိကန်အကျဉ်းသား အသက် ၃၁ အရွယ် အားကစားသမားနဲ့ အမေရိကန်ဘက်က ဖမ်းထားတဲ့ ထင်ရှားတဲ့ ရုရှားလက်နက်ကုန်သည်တို့ အပါအဝင် အမေရိကန်-ရုရှား အကျဉ်းသားလဲလှယ်မှုအတွက် လမ်းခင်းနိုင်ပြီ ဖြစ်ပါတယ်။

//
More News
Up