Home
မြန်မာသတင်း
ရွေးကောက်ပွဲအမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို စစ်ဆေး
DVB
·
August 5, 2022

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာ လွှမ်းမုိးခဲ့တယ်လို့ စွပ်စွဲကာ စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်တွေကို တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီနေ့ သြဂုတ် ၅ ရက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုထားတာပါ။

ဦးမင်းသူရဲ့ တရားခံပြသက်သေ လေးဦးအနက် ဒီနေ့ရုံးချိန်းမှာ နှစ်ဦးကို ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ဦးမင်းသူရဲ့ သက်သေတွေဖြစ်တဲ့ ဒေါက်တာမျိုးအောင် (နေပြည်တော်အချုပ်ထောင်)၊ ရွေးကောက်ပွဲကော်မရှင်က ဦးသန်းဌေး (ပုဒ်မ ၁၃၀ (က) နဲ့ ရမည်းသင်းထောင်)၊ ဥတ္တရသီရိ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် (ရမည်းသင်းထောင်)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ (နေပြည်တော်အချုပ်ထောင်) တို့အနက် ပြီးခဲ့တဲ့ရုံးချိန်းမှာ ဒေါက်တာမျိုးအောင်နဲ့ ဦးမောင်မောင်ဆွေကို စစ်ဆေးခဲ့ပြီး ဒီနေ့ရုံးချိန်းမှာ ကျန်နှစ်ဦးကို ပယ်ချလိုက်တာ ဖြစ်ပါတယ်။

အခုလို တရားခံပြသက်သေနှစ်ဦးကို ပယ်ချလိုက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပုဂ္ဂိုလ်သုံးဦးကို သက်သေထွက်ဖို့ ဆင့်ဆိုထားတယ်လို့လည်း အဆိုပါနီးစပ်သူက ဆိုပါတယ်။

ဒါ့အပြင် ဦးမင်းသူအပေါ် ခြေချုပ်ပုဒ်မ ၁၀၇ နဲ့ ထပ်မံတရားစွဲဆိုထားပြီး အဲဒီအမှုအတွက် တရားလိုပြသက်သေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွန်ကြားရေးမှူးတဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီရွေးကောက်ပွဲအမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးခဲ့ပြီး သူတို့အနေနဲ့ စစ်ကောင်စီက စွပ်စွဲထားသလို မလုပ်ဆောင်ခဲ့တဲ့အတွက် အပြစ်မရှိဘူးလို့ ထွက်ဆိုထားကြပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရှိခဲ့ပေမဲ့လည်း အစိုးရသစ်ဖွဲ့စည်းဖို့ လွှတ်တော်စခေါ်မယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024