ထိုင်းတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ၄ ဦးရှိလာ

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူလူနာ ၁ ဦး ထပ်မံတွေ့ရှိတဲ့အတွက် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အဆိုပါ စတုတ္ထမြောက်လူနာမှာ ဘန်ကောက်မှ အသက် ၂၂ နှစ်ရွယ် မိန်းကလေး ၁ ဦးဖြစ်ပြီး ဩဂုတ် ၃ ရက်နေ့က စတင်ဖျားနာကာ ကျူလာရတ်ဆေးရုံမှာ လာရောက်ကုသကြောင်း၊ ရောဂါလက္ခဏာမှာ မျောက်ကျောက်ရောဂါနဲ့တူလို့ နမူနာစယူပြီး ဓာတ်ခွဲခန်းသို့ ပို့ဆောင်ရာမှာ မျောက်ကျောက်ရောဂါပိုး တွေ့ရှိတာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အစီရင်ခံချက်ကို ကိုးကားပြီး ဘန်ကောက်ခရိုင်ဝန် နိုင်းချာ့ချတ်ဆစ်ထိဖန်းက သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါမိန်းကလေးမှာ နိုင်ငံခြားသားနဲ့ ထိစပ်ခဲ့ဖူးပြီး မိသားစုထဲမှာလည်း နီးကပ်စွာ နေထိုင်သူ ၂ ဦးရှိတာကြောင့် သူတို့ကိုလည်း ထပ်မံစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒီမတိုင်ခင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၃ ဦး တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ဖူးကက်က အသက် ၂၇ နှစ်ရွယ် နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦး၊ အသက် ၂၅ နှစ်အရွယ် ဂျာမနီနိုင်ငံသား ၁ ဦးနဲ့ ဘန်ကောက်က အသက် ၄၇ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ပါဝင်ပါတယ်။

ဖူးကက်က လူနာတွေနဲ့ ထိစပ်ခဲ့သူ ၇ ဦးကို စောင့်ကြည့်စစ်ဆေးရာမှာတော့ ရောဂါပိုး ကူးစက်ခံထားရတာ မရှိကြောင်း၊ ဒီရောဂါဟာ အလွယ်တကူ မကူးစက်နိုင်သလို ကူးစက်ခံရရင်လည်း ကုသလို့ရတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး နိုင်းအနုထင်းချိုင်းဝီရကွန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့လည်း ကာကွယ်ဆေးတွေကိုတော့ နိုင်ငံခြားကနေ မှာယူထားတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောသွားပါတယ်။

ကိုးကား - pptvhd36

//
More News
Up