ဗင်နီဇွဲလား အတိုက်အခံ လွှတ်တော်အမတ်ဟောင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ

ဗင်နီဇွဲလား အတိုက်အခံ လွှတ်တော်အမတ်ဟောင်း ဟွမ်န် ရေကေဆန့်စ်ကို ၂၀၁၈ ခုနှစ်က သမ္မတ နီကိုးလပ်စ် မာဒူရို တက်ရောက်ခဲ့တဲ့ အခမ်းအနားတခုမှာ ဒရုန်းနှစ်စင်း ပေါက်ကွဲမှုအတွင်း ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရကြောင်း သူ့ရဲ့ရှေ့နေက သြဂုတ် ၄ ရက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အထွေထွေအစိုးရရှေ့နေ တာရက်ခ် ဝီလီယံမ် ဆာ့ဘ်က ဒါဟာ အရေးကြီးတဲ့ စီရင်ချက် ဖြစ်ကြောင်း ရုပ်မြင်သံကြားကတဆင့် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ရေကေဆန့်စ်ရဲ့ မိသားစုနဲ့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွေဒိုက သူ့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် မှတ်ယူထားပြီး အမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

ရေကေဆန့်စ်ဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မာဒူရို မိန့်ခွန်းပြောနေချိန်မှာ အခမ်းအနားတခုလုံးကို လှုပ်ခါသွားစေတဲ့ ပေါက်ကွဲမှုတွေကြောင့် ဖြစ်ရတဲ့ အလားတူ အမှုမျိုးမှာလည်း စစ်တပ်ရဲ့ထိန်းသိမ်းတာ ခံခဲ့ရဖူးပါတယ်။

ဒီအမှုကြောင့် အဖမ်းခံခဲ့ရသူတွေကနေ ရေကေဆန့်စ် ပါဝင်နေကြောင်း ထုတ်ဖော်ခဲ့ကြတာလို့ မာဒူရိုက ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဒရုန်းတွေ ပါဝင်နေပြီး ကိုလံဘီယာ၊ အမေရိကန်နဲ့ ဗင်နီဇွဲလား အတိုက်အခံတွေက စီစဉ်ထားတာဖြစ်ကြောင်းနဲ့ မအောင်မြင်လိုက်တဲ့ လုပ်ကြံဖို့ ကြိုးပမ်းမှုဖြစ်ကြောင်း မာဒူရိုအစိုးရက ဖော်ပြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဩဂုတ် ၄ ရက်မှာ လူ ၁၇ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အထွေထွေ အစိုးရရှေ့နေက ပြောသွားပါတယ်။

//
More News
Up