Live
Home
မြန်မာသတင်း
မြိုင်မြို့နယ် ကျောက်ဆောက်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ပြည်သူ ၂၇ ဦး ဖမ်းဆီးခံရ
DVB
·
August 5, 2022

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ဒီနေ့ သြဂုတ် ၅ ရက် မနက် ၉ နာရီလောက်မှာ စစ်တပ်နဲ့ ပျူစောထီး အင်အား ၁၀၀ လောက်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၂၇ ယောက် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဆောက်ကျေးရွာဒေသခံ ပြည်သူတယောက်က “ကျနော်တို့က စစ်(...)တွေ စစ်ကြောင်းဝင်လာကတည်းက ဘေးလွတ်ရာကို ထွက်ပြေးလာခဲ့ရတာ။ ရွာဘက်က မီးခိုးလုံးတွေ လှမ်းမြင်နေရတယ်။ အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး။ စစ်(...)တွေက ရွာထဲမှာပဲ ရှိနေသေးလို့ ဘယ်သူမှလဲ မီးသွားမငြှိမ်းရဲသေးဘူး။ စစ်(...)တွေနဲ့ ပျူ(...)တွေဟာ မနေ့ သြဂုတ် ၄ ရက်နေ့ကတည်းက ဘုန်းကြီးအယောင်ဆောင်တွေနဲ့အတူ ဝင်ရောက်လာပြီး ကျောက်ဆောက်ရွာက ပြည်သူ ၂၇ ယောက်ကို ဖမ်းဆီးပြီး PDF တွေရဲ့ အမည်ကို မဖော်ရင် အိမ်တွေမီးရှို့မယ်၊ ပစ်သတ်မယ်၊ အရေးယူမယ်လို့ ခြိမ်းခြောက်ကြတယ်။ အဲဒီအဖမ်းခံရတဲ့သူတွေကိုလည်း လက်ရှိအချိန်ထိ ပြန်မလွှတ်သေးဘူး” လို့ ပြောပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဒေသခံပြည်သူတွေ ထိန်းသိမ်းခံထားရတာနဲ့ ပတ်သက်လို့ ဘုန်းကြီးအယောင်ဆောင်တွေအပါအဝင် စစ်တပ်နဲ့ပျူစောထီးတွေကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်ပြီး သံဃာတော်တွေအနေနဲ့ ပခုက္ကူ-မြိုင်ကားလမ်းကို အသုံးမပြုစေလိုကြောင်း သြဂုတ် ၄ ရက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024