မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဒေသခံပြည်သူ့နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သြဂုတ် ၄ ရက်မှာ လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်က ကိုစံလင်းနေအိမ်နဲ့ ကံ့ကော်ရပ်ကွက်က ကိုအေးမင်းထွန်း နေအိမ်၊ သိမ်ဇရပ်မြို့က ကိုဝင်းကို နေအိမ်တွေကို လာရောက် ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ သူတို့ ၃ ဦးဟာ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ဆက်စပ်နေတာကြောင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာ ဖြစ်တဲ့အတွက် နေအိမ်တွေကို ချိတ်ပိတ်ရတာလို့ ဆိုပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီက နေအိမ်ချိတ်ပိတ်သွားပေမဲ့ နိုင်ငံသားတယောက်ဖြစ်တဲ့အတွက် သူ့အိမ် သူပိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ကိုအေးမင်းထွန်းကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ ၅၀(ည) အပြင် အမှုပေါင်း ၇ မှုနဲ့ အမှုဖွင့်ထားသလို ကိုဝင်းကိုနဲ့ ကိုစံလင်းတို့ကိုလည်း ပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက်ပုဒ်မတွေနဲ့ပါ အမှုဖွင့်ထားပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူတွေ အဆိုအရ လာမယ့်ရက်ပိုင်းအတွင်း ကျိုက်ထိုမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နေအိမ်ကိုလည်း ထပ်မံချိတ်ပိတ်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီကိုယ်စားလှယ်တွေ၊ NLD ပါတီ ထောက်ခံသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ် ၁၀ လုံးထက်မနည်း ချိတ်ပိတ်ခံထားရပါတယ်။