Home
မြန်မာသတင်း
ရေဖြူတွင် စစ်ရှောင်ကလေးငယ် ၁ ဦး အပြင်းဖျားပြီး သေဆုံး
DVB
·
August 5, 2022

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ ဝဇွမ်းတောရွာကနေ စစ်ရှောင်လာတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးတယောက် အပြင်းအထန် နေမကောင်းဖြစ်ပြီး သြဂုတ် ၄ ရက် မွန်းလွဲ ၂ နာရီမှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

“ကလေးက နဂိုကတည်းက နှလုံးနဲ့ အဆုတ် အားနည်းသူပါ။ အခုလို မိုးထဲရေထဲ စစ်ရှောင်နေရတော့ အအေးမိလို့ အပြင်းဖျားပြီး အခုလို ဆုံးပါးသွားရတာပါ။ ဆေးဝါးမရတာရော နေရာထိုင်ခင်းရော ဘာတခုမှ အဆင်ပြေမနေပါဘူး။”

ကလေးငယ်ရဲ့ ဈာပနကိုတော့ မိသားစုဝင်တွေကပဲ သြဂုတ် ၄ ရက် ညနေ ၄ နာရီမှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ရေဖြူမြို့နယ်မှာ ဇူလိုင် ၃၀ ရက်က စစ်တပ်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ဧကနိ၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ရငဲနဲ့ ဝဇွမ်းတောရွာတွေက ပြည်သူ ၁,၀၀၀ ကျော်ဟာ သူတို့ရဲ့ရွာတွေကို စွန့်ခွာပြီး ဘေးကင်းတဲ့ နီးစပ်ရာကျေးရွာတွေက ဘုန်းကြီးကျောင်းတွေနဲ့ ဥယျာဉ်ခြံတွေအတွင်းမှာ စစ်ဘေးရှောင်နေရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက“နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့သူတွေက နေရာအတွက် နည်းနည်း အဆင်ပြေတယ်။ ဥယျာဉ်ခြံထဲ ရှောင်နေရတဲ့သူတွေက ခုရက်ပိုင်း မိုးတအားရွာနေတော့ နေရာအတွက် အဆင်မပြေဘူး” လို့ ပြောပြပါတယ်။

ရေဖြူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်၊ ဆေးဝါးစတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးနေပြောပါတယ်။

ဇူလိုင် ၃၀ ရက်ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ရေဖြူအရှေ့ဘက်ကမ်းဒေသကနေ ဒီနေ့အထိ ပြန်လည်မထွက်ခွာသေးဘဲ တပ်စွဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024