ထိုင်းနိုင်ငံတွင် နိုက်ကလပ်မီးလောင်ပြီး ၁၃ ဦးသေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဆတဟိပ်မြို့ရှိ Mountain B နိုက်ကလပ်တစ်ခုမှာ ဩဂုတ် ၅ ရက်  ဒီနေ့မနက်အစောပိုင်း  ၁ နာရီလောက်က မီးလောင်ပြီး  သေဆုံးသူ ၁၃ ယောက်နဲ့ ဒဏ်ရာရသူ ၄၀ ထက်မနည်းရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မီးဟာ နိုက်ကလပ် ဖျော်ဖြေရေးစင်ရဲ့ ခေါင်မိုးပေါ်ကနေစတင်လောင်ကျွမ်းပြီး အထဲကလူတွေ အပြင်ထွက်ဖို့ အော်ပြောစဉ်မှာဘဲ အရှိန်ပြင်းပြင်းနဲ့ အမြန်လောင်သွားတယ်လို့ နိုက်ကလပ် မန်နေဂျာက သတင်းထောက်တွေကို ပြောပါတယ်။ 

ဖျော်ဖြေရေးအစီအစဉ်တင်ဆက်သူတစ်ဦးကလည်း ဒီမတိုင်ခင်က ပေါက်ကွဲသံအကျယ်ကြီး နှစ်ကြိမ် ကြားရကြောင်း ၊ ဘာပေါက်ကွဲတာတော့မသိဘဲ မီးတောက်တွေထလာတယ်လို့ ပြောပါတယ် ။ 

ဂီတတီးလုံးတွေနဲ့အတူ ကခုန်ပျော်ပါးနေတဲ့ လူငယ်အများစုဟာ ရုတ်တရက်မီးလောင်ခံရတာ ကြောင့် ကမ္ဘာပျက်သလိုအော်ဟစ်ပြီး သူ့ထက်ငါအလုအယက် တံခါးပေါက်ကနေ ထွက်ပြေးလာကြပါတယ်။

တချို့မှာ အဝတ်အစားတွေ ဆံပင်တွေပေါ်မှာ မီးလျှံ၊ မီးတောက်တွေနဲ့ ထွက်ပြေးကြတာ၊ တချို့က မီးလောင်ခံရရင်း တန်းလန်းမြေပြင်ပေါ်မှာ လူးလိမ့်နေကြတာကို  လိုက်ဖ်လွှင့်နေတဲ့ ဗီဒီယိုဖိုင်ထဲကနေ တွေ့နေရပါတယ်။ 

မီးသတ်ကားတွေရောက်ရှိလာပြီး မီးငြှိမ်းသတ်ရာမှာ အချိန် ၂ နာရီလောက်ကြာမှ ငြိမ်းသွားတယ်လို့ ဆိုပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ကနဦးတွေ့ရှိချက်အရ သေဆုံးသူ ၁၃ ဦး ( အမျိုးသား ၉ ဦး အမျိုးသမီး ၄ ဦး ) နဲ့ ဒဏ်ရာရသူ ၄၁ ဦးရှိပြီး ဒဏ်ရာရသူတွေကို သီရိခေတ်ဆတ်တဟိပ်ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ် ။ 

အဆိုပါ နိုက်ကလပ်ဟာ မကြာသေးခင်ကမှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုပမာဏကို သက်ဆိုင်ရာက စိစစ်နေဆဲလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

//
More News
Up