Home
မြန်မာသတင်း
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွေ့ဆုံ
DVB
·
August 4, 2022

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဩဂုတ် ၄ ရက်က နေပြည်တော်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒု ဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင်တဲ့ အဖွဲ့ကို တွေ့ဆုံပြီး တိုင်းရင်းသားအဖွဲ့တွေအနေနဲ့  ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခွင့်အရေးကို ရရှိဖို့ တရားဥပဒေနဲ့အညီ၊ စည်းကမ်းနဲ့ အညီ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ လုပ်ကိုင် ဆောင်ရွက်ကြဖို့  ပြောကြားလိုက်ပါတယ်။

ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ တွေးခေါ်ပြောဆိုပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေနဲ့ လိုအပ်ချက်တွေကို ပြောဆိုနိုင်ပေမဲ့  ဥပဒေနဲ့အညီ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့သာ ဆွေးနွေးဆောင်ရွက်ရမယ်၊ ဒီမိုကရေစီစနစ်မှာ လွှတ်တော်ဟာ နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားတွေအနေနဲ့လည်း မိမိတို့ဒေသရဲ့ အခွင့်အရေးတွေကို တရားဥပဒေနဲ့ အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်မှာ ပိုမိုပါဝင်လာရမယ်၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ ဒေသနဲ့ တိုင်းပြည်အတွက် အမှန် တကယ် လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပွင့်လင်းစွာနဲ့ အကြေအလည် ဆွေးနွေးသွားမှာဖြစ်ပြီး ပြည်ထောင်စုအကျိုးကို ရှေးရှုကာ အမြင်ကျယ်ကျယ်နဲ့ ဆွေးနွေးဆောင်ရွက်သွားကြဖို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုဥက္ကဋ္ဌ (၁)နဲ့ အဖွဲ့ဝင်တွေကလည်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေမှာ တက်ကြွစွာ ဆက်လက်ပါဝင်သွားမှာဖြစ်ကြောင်း တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုပါက ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ပြည်ထောင်စု နိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မှာ ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင် စုတည်ဆောက်ရေးနဲ့  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုဥက္ကဋ္ဌ(၁)နဲ့ အတူ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်နဲ့  ဗဟိုကော်မတီဝင် စဝ်နော်လိတ်တို့ တက်ရောက်ကြပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အဖွဲ့ဟာ စစ်ကောင်စီဩဇာခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားဖို့ရှိပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနွေးဖို့  ဧပြီလ ၂၂ ရက်က   ဖိတ်ခေါ်ခဲ့တာမှာ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားခဲ့တာဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အဖွဲ့ကတော့ ၁၀ ဖွဲ့မြောက် တွေ့ဆုံတဲ့ အဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုလက်ခံပြီး နေပြည်တော်သွားခဲ့တဲ့ အဖွဲ့ ၁၀ ဖွဲ့ကတော့   ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ၊  ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊  လားဟူဒီမိုကရက်တစ်အစည်းအရုံး( LDU) နဲ့ အခု ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA) အဖွဲ့တို့ ဖြစ်ကြပါတယ်။

Photo-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024