ဂျာမနီတွင် ရဲဌာန လက်နက်ခဲယမ်းဖောက်ခွဲသည့်နေရာ ပေါက်ကွဲမှုကြောင့် တောမီးလောင်

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့အနီးရှိ ရဲဌာန လက်နက်ခဲယမ်းတွေ ဖောက်ခွဲရာနေရာမှာ ပေါက်ကွဲမှုတခုကြောင့် သြဂုတ် ၄ ရက် မနက်အစောပိုင်းက တောမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဘာလင်မီးသတ်တပ်ဖွဲ့ရဲ့ အဆိုအရ သစ်တောဧရိယာ ၁၅,၀၀၀ စတုရန်းမီတာ လောင်ကျွမ်းသွားခဲ့ပါတယ်။

နောက်ထပ် ပေါက်ကွဲမှုအန္တရာယ် ရှိနေတာကြောင့် မီးသတ်သမားတွေက မီးတောက်တွေကို တိုက်ရိုက်မငြှိမ်းသတ်နိုင်ဘူးလို့ မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထောမတ်စ် ကီယာစတိုင်းန်က ပြောပါတယ်။

“ကျနော်တို့မှာ ပေါက်ကွဲမှုလိုမျိုး ဓာတုလောင်ကျွမ်းမှုတွေနဲ့ ဖောက်ခွဲမှုတွေ ရှိခဲ့ပါတယ်။ အပျက်အစီးတွေက လေထဲကို ပျံတက်သွားပြီးတော့ အရင်ဆုံး ရောက်ရှိသူတွေရဲ့ အသက်အန္တရာယ်ကို မြင့်မားစေတဲ့အတွက် သူတို့ ဆုတ်ခွာခဲ့ရပါတယ်။”

လူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိသလို လူနေရပ်ကွက်တွေကိုလည်း ထိခိုက်မှုမရှိကြောင်း သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာတဝိုက် မီတာ ၁,၀၀၀ ပတ်ပတ်လည်ဧရိယာကို ရဲတွေက ပိတ်ဆို့ထားပြီး ဘာလင်မြို့တဝိုက်ရှိ အများပြည်သူသွားလာရေးနဲ့ လမ်းတွေကို ထိခိုက်ခဲ့ပါတယ်။ အရေးပေါ် ဝန်ထမ်းတွေဟာ အနီးပတ်ဝန်းကျင် သစ်တောတွေကို ရှင်းလင်းနေကြပါတယ်။

//
More News
Up