ဦးဂျင်မီနေအိမ်ရှေ့ သွားရောက်ဆဲဆို အကြမ်းဖက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သေဒဏ်ပေးကွပ်မျက်ခံခဲ့ရတဲ့ ဦးဂျင်မီနေအိမ်ရှေ့ သွားရောက်ဆဲဆိုကာ အကြမ်းဖက်သောင်းကျန်းခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒလန်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Yangon Liberation Force က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပိန္နဲကုန်းရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ မျိုးညွန့်အောင် (ခ) ဖိုးကုလားကို သူ့ရဲ့ နေအိမ်မှာ YLF မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက  ဩဂုတ် ၄ ရက်နေ့ ဒီနေ့ မွန်းတည့် ၁၂ နာရီ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ 

သေနတ်နဲ့ ၆ ချက်ပစ်ခတ်ခဲ့ရာ ရင်ဘတ်၊ နှာဖူးနဲ့ နားထင်တွေကို ထိမှန်ခဲ့ပြီး နေရာမှာ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပိန္နဲကုန်းရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ မျိုးညွှန့်အောင် (ခ) ဖိုးကုးလား ဟာ ပိန္နဲကုန်းရပ်ကွက်အတွင်းက ဆန္ဒပြလူငယ်တွေနေထိုင်တဲ့ နေရာတွေကို ညွှန်ပြတိုင်ကြားတာ၊ တော်လှန်ရေးရဲဘော်တွေ ခိုအောင်းနေထိုင်တဲ့ နေရာတွေကို ဖော်ထုတ်ပြီး ဖမ်းဆီးစေတာ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းစေတာ၊ တော်လှန်ရေးကို ထောက်ပံ့လှူဒါန်းနေတဲ့ အလှူရှင်တွေကို ဖမ်းဆီးစေတာ စတာတွေ ကျူးလွန်ခဲ့သူဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင် သတိပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မျိုးညွှန့်အောင် (ခ) ဖိုးကုးလားဟာ ဇူလိုင် ၂၇ ရက်နေ့က ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ ၂ လမ်းမှာရှိတဲ့ ဦးဂျင်မီ နေအိမ်ကို လာရောက်ဆဲဆို၊ အကြမ်းဖက်ခဲ့သူတွေထဲမှာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

//
More News
Up