စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို သြဂုတ် ၄ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တဲ့အဖွဲ့ဟာ အင်မထီးကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီနေ့မနက်ပိုင်းက အင်မထီး ကျေးရွာအတွင်းကနေ သာကုန်းကျေးရွာဘက်ကို ဦးတည်လာကာ မနက် ၇ နာရီလောက်မှာတော့ သာယာကုန်းကျေးရွာရဲ့ မြောက်ဘက် လမ်းခုလပ်တနေရာအရောက်မှာ PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာ” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် ထိခိုက်ကျဆုံးမှုရှိတယ်လို့ခန့်မှန်း ပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း သာယာကုန်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ကာ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ခဲ့ကြတာလို့ ဒေသခံက ပြောပါတယ်။
လက်ရှိအချိန်ထိ ဒေသခံပြည်သူတွေဟာ ထွက်ပြေးနေကြရပြီး မီးလောင်ဆုံးရှုံးမှု အရေအတွက် အတိအကျ မသိရသေးသလို အနီးနားမှာရှိတဲ့ ကျေးရွာ ၆ ရွာလောက်က ပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။