Home
သတင်းဓာတ်ပုံ
ဖေးကူသူလိုအပ်နေသည့် ဆိုသယ် စစ်ဘေးရှောင်စခန်း
DVB
·
August 4, 2022

ဆိုသယ်စစ်ဘေးရှောင်စခန်းဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးမှုကြောင့် နေရပ်မပြန်ရဲကြတော့တဲ့  စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ ကရင်နီ (ကယား) ပြည်နယ်အတွင်းရှိ စခန်းတခု ဖြစ်ပါတယ်။

ဆိုသယ်စစ်ဘေးရှောင်စခန်းမှာ ဖရူဆိုမြို့နယ်အတွင်းရှိ ဒေါတထော၊ ခိုးရားခူ၊ ထားလဲ၊ ပရက်တော်၊ တနောကလော၊ ဒေါကလော်လဲ၊ ဒေါသဲနဲ့  ဒေါဆီးခူအစရှိတဲ့ ကျေးရွာ  ၈ ရွာက လူဦးရေ  ၁၆၆၁ ဦး စုပေါင်းနေထိုင်ကြပါတယ်။

စခန်းမှာ အသက် ၅ နှစ်အောက် ကလေးသူငယ် ၁၆၂ ဦးနဲ့  အသက် ၆၀ အထက် သက်ကြီးဘိုးဘွား ၁၈၇ ဦးရှိပြီး အဘိုးအဘွားအချို့မှာ မျက်စိကွယ် နားမကြားတဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ နှစ်ပေါင်းများစွာ ခံစားကြုံတွေ့နေရသူတွေ ဖြစ်ပါတယ်။

အများစုမှာ ပြန်စရာနေအိမ်တွေ မရှိကြတော့ဘဲ ဇာတိကျေးရွာက နေအိမ်တွေ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးတာ ကြုံတွေ့ခဲ့ကြရသူတွေ ဖြစ်ပါတယ်။

နေအိမ်တွေနဲ့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေ စွန့်ခဲ့ရပြီး အသက်ဘေးအန္တရာယ်ကင်းရှင်းတယ် ယူဆကြတဲ့ တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်ကာ အသက်ရှင်သန်ဖို့အတွက် ရုန်းကန်နေကြရသူတွေ ဖြစ်ပါတယ်။

“မိုးရေခံပြီးတော့ သောက်သုံးရေ အဖြစ်သုံးရတယ်။ ဒါပေမယ့် မလုံလောက်ဘူး။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်း အများကြီး ရှိတယ်။ ဆေးဝါးမလုံလောက်တာကြောင့် အသက်ဆုံးရှုံးသွားရတဲ့သူတွေလည်းရှိတယ်။ ဆက်သွယ်ရေးကလည်း အဆင်မပြေတာကြောင့် စကားပြောစက်တွေလည်း လိုအပ်နေတယ်။ တချို့အိမ်တွေဆို မိုးကာတွေကလည်း ဆွေးနေတယ်။ သူတို့က လာတောင်း ကိုယ်တွေက မပေးနိုင်တာတွေလည်း ရှိတယ်” လို့ စခန်းကော်မတီတာဝန်ရှိသူ ဦးပိုးရယ်က ပြောပါတယ်။

ဆိုသယ်စစ်ဘေးရှောင်စခန်းမှာ ဆေးဝါးမလုံလောက်မှု၊ ရာသီဥတုခက်ခဲကြမ်းတမ်းမှု၊ အမိုးအကာ မပြည့်စုံမှု၊ အဟာရစားနပ်ရိက္ခာ မလုံလောက်မှုတွေကြောင့် စခန်းရှိ စစ်ဘေးရှောင်ပြည်သူ ၄ ဦး အသက်ဆုံးခဲ့ရတာလည်း ရှိခဲ့ပါတယ်။

အခက်အခဲတွေကြား အရွယ်ရောက်သူတိုင်း ပညာသင်ကြားခွင့်ဆိုတဲ့ အခွင့်အရေးအတိုင်း ကလေးငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေဖို့ စခန်းတာဝန်ရှိသူတွေက မူလတန်းအရွယ်ကလေးငယ်တွေကို စခန်းတွင်းရှိ နေရာလွတ်ဟုဆိုနိုင်သည့် နေရာတခုက  အဆောက်အဦးတခု ပညာသင်ကြားပေးနေပါတယ်။

စစ်ဘေးရှောင်စခန်းအတွင်း ရိက္ခာပြတ်တောက်မှု မရှိစေဖို့ စခန်းအနီးမှာ စစ်ဘေးရှောင်ပြည်သူတွေက တတ်စွမ်းသမျှ တောင်ယာစိုက်ပျိုး လုပ်ကိုင်နေကြရပါတယ်။

ဒါပေမယ့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူတွေ ဖြစ်တာကြောင့် ခိုင်းကျွဲနွားမရှိ သွင်းအားစု စက်ကိရိယာ မရှိတဲ့ ဘဝအခြေအနေများကြောင့် လူ့ခန္ဓာလုပ်အားကို အသုံးပြု ထွန်ယက်စိုက်ပျိုးကြရပါတယ်

မိုးရေကိုသာ အားထားနေရတဲ့ ဆိုသယ်စစ်ဘေးရှောင်စခန်းမှာ လာမယ့်ဆောင်းရာသီ သောက်သုံးရေရှားပါးမှုကိုပါ ဖြစ်ပေါ်လာနိုင်တာကြောင့် စစ်ရှောင်ပြည်သူတွေအတွက် သောက်သုံးရေ၊ ဆက်သွယ်ရေးစက်တွေနဲ့ လိုအပ်တဲ့ ရိက္ခာဆေးဝါးတွေ လှူဒါန်းပေးကြဖို့ စစ်ဘေးရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူ ဦးပိုးရယ်က အလှူရှင်တွေကို ပန်ကြားလိုက်ပါတယ်။

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဆက်လက်စစ်ကြောင်းထိုး စစ်ဆင်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေရပ်ပြန်ရေးမျှော်လင့်ချက် ဝေးနေကြရဦးမှာပါ။

Photo - Kaung Zaw Hein/MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024